KHONUMTHUNG NEWS GROUP
ချင်းပြည်နယ် ဖလမ်းမြို့ အခြေစိုက် ခလရ ၂၆၈ မှ နယ်လှည့် စစ်သား များနှင့် ပြည်သူ့ရဲ အဖွဲ့တို့က နွားကုန် သည်များ၏ နွားများကို ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံး ပတ်က ဖမ်းဆီးပြီး ကျပ်ငွေ သုံးသိန်း ရှစ်သောင်းဖြင့် ပြန်လည် ရွေးခိုင်းခဲ့ သည်ဟု သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ နွား ၈ ကောင် နှင့် နွားနောက် သုံးကောင်ကို မောင်းလာသော အဆိုပါနွားကုန်သည်များသည် ဖလမ်းမြို့နယ် Thip cang ကျေးရွာအ၀င်တွင် စစ်သားများ နှင့် တိုးမိပြီး ငွေတောင်းခံသည့်အတွက် ကျပ်ငွေ နှစ်သိန်းပေးခဲ့ရသည်ဟု နွားကုန်သည် ကပြောသည်။
ထို့နောက် နယ်စပ်ချောင်း တီယို ကျေးရွာအ၀င်တွင် တာဝန်ကျရဲများကလည်း ငွေတောင်းခံခဲ့သည့်အတွက် ကျပ်ငွေ တစ်သိန်းခွဲ ထပ်မံပေးဆောင်ခဲ့ရကြောင်း ၄င်းကပြောသည်။
” ငွေမပေးရင် နွားတွေကို အကုန်သိမ်းခံရမှာဆိုတော့ ရှိတဲ့ငွေလေးကို ပေးလိုက်ရတယ်” ဟု နွားကုန်သည်က ပြောသည်။
၎င်းတို့သည် နွား ၈ ကောင် နှင့် နွားနောက် ၃ ကောင်ကို ကျပ်ငွေသိန်းသုံးဆယ်ခန့်နဲ့ဝယ်ယူခဲ့ရကြောင်း တဖက်အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်သို့ပြန်ရောင်း ရန်ဖြစ်ကြောင်း မောင်းနှင် လာကြသည့်အချိန်တွင် ယခုကဲ့သို့ အဖမ်းခံပြီး ငွေတာင်းခံရ ခြင်းဖြစ်သည်။
” တိရိစ္ဆာန် တကောင်မှာ အမြတ်ငွေ တသောင်းကျော်မြတ်ဖို့ခန့်မှန်းထားပေမဲ့ သုံးသိန်းကျော်ကို အာဏာပိုင် တွေက ယူလိုက်တော့ အမြတ်ရှိမှာမဟုတ်တော့ဘူး” ဟု နွားကုန်သည်က ပြောသည်။
နွားကုန်သည်များသည် အိန္ဒိယ-မြန်မာငွေလှဲဈေးကို အားထားပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ နွားများကို ရောင်းချလျက် ရှိသည်။ သို့သော်လည်း ယခုလက်ရှိ အိန္ဒိယ-မြန်မာ ငွေလဲနှုန်းသည် တရူပီးလျှင် ကျပ်ငွေ ၁၄ ခန့်သာရှိသောကြောင့် နွား ကုန်သည်များသာမက တခြားကုန်သည်များပါ အခက်အခဲကြုံနေကြရသည်ဟုသိရသည်။
အလားတူ ဖလမ်းမြို့နယ် ရိဒ် ခေါ်ဒါရ်မြို့သစ်ရှိ ခလရ ၅၀ မှ စစ်သားများသည်လည်း ပုဂ္ဂလိက ကားပိုင်ရှင် များထံမှ ကားများကို အရေးပေါ်အခြေအနေအတွက်ဆိုပြီး တနေ့တစီး အခမဲ့ ချောဆွဲနေကြကြောင်း ကားပိုင်ရှင်များက ၄င်းတို့ ကား ချောမဆွဲရန် ငွေပေးပြီး ပြေလည်သည်များလည်းရှိနေကြောင်း ဒေသခံများကပြောသည်။
သို့သော် ထန်တလန်မြို့နယ်အတွင်း စစ်သားများသည် နယ်လှည့်ချိန်၌ ရွာသားများအား ပေါ်တာထမ်းခိုင်းရာတွင် အရင် ကလို အခမဲ့ထမ်းခိုင်းခြင်းမျိုးမဟုတ်ဘဲ အခကြေးငွေများပေးဆောင်လာနေကြောင်း၊ ရိက္ခာများကို ပြည်သူထံမှ ကာလပေါက်ဈေးအတိုင်း ၀ယ်ယူကြကြောင်း သိရသည်။
” အစိုးသစ်တက်လာတဲ့နောက်ပိုင်း နယ်မြေခံတပ်တွေ ယခင်ကလိုမဟုတ်တော့ဘူး၊ပြည်သူနဲ့ ဆက်ဆံရေးပိုမိုကောင်းလာ တယ်” ဟု လုံလဲရ် ရွာသားတဦးက ပြောသည်။
No comments:
Post a Comment