ဇာနည်မာန် Tuesday, 06 September 2011
မြန်မာ နိုင်ငံ အကျဉ်းထောင် အသီး သီးရှိ နိုင်ငံရေး အကျဉ်းသား နှစ်ထောင် ကျော်ကို ချွင်းချက် မရှိ ချက်ခြင်း လွှတ်ပေးရေး မြန်မာ့ ဒီမိုက ရေစီရေး ဆိုင်ရာ အိန္ဒိယ လွှတ်တော် အမတ်များ အဖွဲ့က သမ္မတ ဦးသိန်းစိန်ထံ လက်မှတ် ရေးထိုး တောင်းဆို လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခြင်းကို လွှတ်တော်အမတ်များအဖွဲ့က ကြိုဆိုသော်လည်း အစိုးရသစ်အနေဖြင့် ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးများအတွက် အမှန်တကယ် အလေးထားသည်ဆိုပါက နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကိုလည်း မဖြစ်မနေ လွှတ်ပေးသင့်သည်ဟု ဆိုသည်။
“အိန္ဒိယ လွှတ်တော်အမတ်များအနေနှင့် မြန်မာနိုင်ငံတွင်း စစ်မှန်သော ဒီမိုကရေစီစနစ် ပေါ်ပေါက်ရန် မျှော်လင့်ကြောင်း၊ အစိုးရ သစ် အနေဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးတွင် လိုအပ်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ခြေလှမ်းစခြင်းဖြစ်ကြောင်း” ဟု အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ့အရေး စိတ်ဝင်စား အားပေးသူ အိန္ဒိယလွှတ်တော်အမတ် ၁၀၀ ကျော်ပါဝင်သည့် အဆိုပါအဖွဲ့၏ တောင်းဆိုချက်ကို သမ္မတ ဦးသိန်းစိန်ထံ ပေးပို့သည်ဟု သိရသည်။
မြန်မာနိုင်ငံ ဒေသအသီးသီးရှိ အကျဉ်းထောင်များတွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ အရှင်ဂမ္ဘီရစသည့် နိုင်ငံရေး အကျဉ်းသားပေါင်း နှစ်ထောင်ကျော် ရှိနေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ စာရင်းများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်း ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် ပတ်သက်သည့် ကိစ္စများတွင် အိန္ဒိယအစိုးရက နှုတ်ဆိတ်နေပြီး ယခင် မြန်မာစစ်အစိုးရနှင့် ရင်းနှီးစွာ ဆက်ဆံနေမှုများအပေါ် နိုင်ငံတကာမှ ဝေဖန်မှုများ ရှိသည်။
အမေရိကန်သမ္မတ အိုဘားမားက အိန္ဒိယအနေဖြင့် မြန်မာအစိုးရကို ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များအတွက် စည်းရုံးပြောဆိုသင့်သည်ဟု တိုက်တွန်းခဲ့ဖူးသည်။
အိန္ဒိယ အစိုးရ အနေဖြင့် မြန်မာ အစိုးရနှင့် ဆက်ဆံ နေခြင်းမှာ နှစ်နိုင်ငံ နယ်စပ် ဒေသရှိ အိန္ဒိယ ခွဲထွက်ရေး သူပုန်များ အရေး ပူးပေါင်း ဆောင်ရွက်ရန် တခုတည်း သာရှိကြောင်း၊ သဘာဝ ဓာတ်ငွေ့ ကဲ့သို့သော စီးပွားရေး ကိစ္စရပ် များတွင် အိန္ဒိယမှ ရယူ နိုင်ခြင်း မရှိ ကြောင်း၊ မြန်မာ အစိုးရ အနေဖြင့် တရုတ် နိုင်ငံကို မုန်းတီး၍ တရုတ် အစိုးရနှင့် မပူးပေါင်း လိုဟု ဆိုနေ သော်လည်း အိန္ဒိယ ထက် တရုတ် ကိုသာ ပိုမို ယုံကြည် စိတ်ချ နေကြောင်း အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ အတွင်းဝန် မိုဟန်ကူးမား၏ ပြောဆို ချက်များ ၂၀၁၀ ဒီဇင်ဘာလ အတွင်းက ၀ီကီလိခ်စ်မှ ပေါက်ကြားခဲ့သေးသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အက်စ် အမ် ခရစ်ရှနား၏ မြန်မာပြည်ခရီးစဉ်အတွင်း အတွင်းဝန် တဦးက ဒေါ်အောင်ဆန်း စုကြည်အား သွားရောက် တွေ့ဆုံ ခဲ့သည်။
No comments:
Post a Comment