Sunday, September 4, 2011

မြန်မာအစိုးရက KIA ဒု-စစ်ဦးစီးချုပ်အား အပုပ်ချ ပိုစတာကပ်

KNG

မြန်မာ အစိုးရက ကချင် လွတ်မြောက်ရေး အဖွဲ့ (KIA) ဒုတိယ စစ်ဦး စီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် အား မဟုတ် မမှန် အပုပ်ချ သည့် ပိုစတာ များကို ကချင်ပြည်နယ် မန်မော်(ဗန်းမော်)မြို့အနှံ့ ကပ်ထား သည်ကို ယနေ့ နံနက်ပိုင်း မြင်တွေ့ရကြောင်း မျက်မြင် များပြောသည်။

လက်ဖြင့် ရေးကပ် ထားသော စာရွက်တွင် “ဒူကဘာ ဂွမ်မော် လုပ်ကြံ ခံရတယ်။” ဆိုပြီး မြင်တွေ့ရသည်ဟု မန်မော် ဒေသခံ တစ်ဦး ပြောသည်။

ယင်းကဲ့သို့ မဟုတ်မမှန် လုပ်ကြံ ဖော်ပြချက်ကို KIA က ပယ်ချ လိုက်ပြီး ဒု-စစ်ဦး စီးချုပ် မှာ လိုင်ဇာ ဌာနချုပ်တွင် ကျန်းမာ ပကတိနှင့် မိမိတာဝန် ထမ်းဆောင် နေကြောင်း KIA အရာရှိများ တုန့်ပြန် ပြောဆိုသည်။

“အစိုးရ ပိုစတာက KIA ကို ရှုတ်ချဖို့ဖြစ်တယ်။ အံသြစရာ မ ဟုတ်ဘူး။” ဟု KIA အရာရှိတစ်ဦးပြောသည်။

သြဂုတ် ၂၀ ရက် ကလည်း အစိုးရက KIO/KIA အား ရှုတ်ချသည့် အချက် (၉) ချက်ပါ လက်ရေး ပိုစတာများကို ဗန်းမော်မြို့ နေရာအနှံ့တွင် ကပ်ခဲ့သည်။

ယင်းပိုစတာတွင် “ကချင်ပြည်နယ် တည်ငြိမ် အေးချမ်း ရေးကို KIA က ဖျက်ဆီး နေသည်ဟု စွပ်စွဲပြီး ပြည်နယ် အေးချမ်းမှု မရှိလျှင် ဗန်းမော် ခရိုင်သည် ကချင် ပြည်နယ်ေ အာက်တွင် မမှီလိုပါ” ဆိုပြီး ဖော်ပြ ထားသည်။

ယခုလို မြန်မာအစိုးရမှ နှစ်ကြိမ်တိုင် စီမံပြုလုပ်ခဲ့သည့် KIA အား အပုပ်ချသည့် စာရွက်ပိုစတာများ အောက်တွင် “ဗန်းမော်ခရိုင်သား” ဟု ရေးသား ထားသည်။

ဇွန် ၉ ရက် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ ဆန်ဂန် KIA စစ်စခန်းအား အစိုးရစစ်တပ်က ထိုးစစ်ဆင်ရာမှ ကချင်ပြည်နယ်တွင် ၁၇ နှစ်တိုင် တည်မြဲခဲ့သည် မြန်မာအစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေးစာချုပ် ပျက်ပြားခဲ့သည်။

ယနေ့အထိ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အနှံ့ မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား ကွက်ကျားတိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်နေပါသည်။

No comments: