ထွန်းထွန်း
မြန်မာ နိုင်ငံမှ ရောက်ရှိ နေသော ယူအန် အသိ အမှတ်ပြု ရခိုင် ဒုက္ခသည် များအား ကော့ဘဇားမြို့တွင် UNHCR မှ အရာရှိများ လာရောက် တွေ့ဆုံသော်လည်း ရခိုင် ဒုက္ခ သည်များ အခြေ အနေမှာ တစုံ တရာ ထူးခြား တိုးတက် ပြောင်းလဲမူ ရှိလာမည် မဟုတ်ကြောင်း ရခိုင် ဒုက္ခသည် များက ပြောသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် UNHCR မှ အသိအမှတ်ပြုထားသော ရခိုင်ဒုက္ခသည်များအထဲမှ ဒုက္ခသည် ၆၀ ခန့်အား ကော့စ်ဘာဇားမြို့ကမ်းခြေရှိ ဟိုတယ်တခုတွင် ဒက္ကားမြို့UNHCR မှ အရာရှိသူ တစ်ဦးဖြစ်သူ မစ္စ ဖာမီဒါက စက်တဘာလ ၂၀ ရက်နေ့က ဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် ဒုက္ခသည်များ၏ (၁) ကျန်းမာရေး၊ (၂) လုံခြုံရေး၊ (၃) စားဝတ်နေရေး၊ (၄) အမျိုးသမီး များဘ၀ဖူလုံရေး၊ နှင့် (၅) ခွဲခြား ဆက်ဆံ ခံနေရမှု ပပျောက်ရေး ခေါင်းစဉ် (၅) ခု အပေါ် အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
သို့သော်လည်း ဆွေးနွေးပွဲတွင် မည်သည့် ဆုံးဖြတ်ချက်မှ ချမှတ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
"ကျွန်တော်တို့ အဓိကအချက် ၅ ချက်အပေါ်မှာအခြေခံပြီး ဆွေးနွေးဖြစ်ကြပါတယ်။ ဒါပေမဲ့လိုအပ်တဲ့ ဦးတည် ချက်ကိုမရောက်ခဲ့ဘူး။ UNHCR ကတာဝန်ရှိသူနဲ့ ဒုက္ခသည် တို့နှစ်ဘက်အကြား အငြင်းအခုံ ဖြစ်ရင်းနဲ့ ပီးသွား ခဲ့ပါတယ်" ဟု ရခိုင် ဒုက္ခသည် တဦးဖြစ်သူ ကိုနီကျော်က နိရဉ္စရာသို့ ပြောသည်။
UNHCR အရာရှိမှ ရခိုင်ဒုက္ခသည်များ တောင်းဆိုချက်များကို တစုံတရာ ဖြည့်ဆည်း ဆောင်ရွက် ပေးရန် ပြောဆိုသွားခြင်း မရှိကြောင်း သူက ပြောသည်။
" သူတို့က ဒုက္ခသည်တွေ တောင်းဆိုချက်အပေါ် လာမည့်နှစ်မှာ ကြိုးစား ပေးမယ်လို့ ပြောသွား ပါတယ်။ ဒါပေမဲ့ ဆွေးနွေးမှု အပေါ်မှာ ဘာဆုံးဖြတ်ချက်ကိုမှ သတ်သတ်မှတ်မှတ် မရရှိ ခဲ့ကြပါဘူး။ ကတိပေးခဲ့တာလောက်ပဲရှိတယ်" ဟု ပြောသည်။
တချို့ ဒုက္ခသည်များမှာ UNHCR အရာရှိနှင့် တွေ့ရန် အားခဲလာခဲ့ကြသော်လည်း အပြန်တွင် ခရီးစရိတ်ပင် မရ ဖြစ်ခဲ့ကြရသည်ဟု သိရသည်။
" UNHCR က ဖိတ်ကြားတဲ့ အတွက် စုဆောင်းထားတဲ့ ငွေနဲ့ လမ်းစရိတ်ခင်းပြီး ဒီဆွေးနွေးပွဲကို လာတက်တယ်။ ဒါပေမဲ့ အိမ်ပြန် စရိတ် အတွက် ကုန်ကျတဲ့ ငွေကို သူတို့ ပြည့်ပြည့်စုံစုံ မထောက် ပံ့ဘူး။ လမ်းစရိတ်နဲ့တည်း ခိုခန်းခကိုပဲ နည်းနည်ပေးပြီးတော့ စားစရိတ်ကိုမပေးဘူး။ ၂ ရက်လုံးလုံး ကိုယ့်စရိတ်နဲ့ စားနေရတယ်ဆိုတော့ ရတဲ့ ငွေထက် ကုန်ကျတဲ့ငွေက ပိုများသွားပါတယ်" ဟု ဘင်ဒရို ဘင်ခရိုင် အလယ်ခွာတောင်မြို့နယ် ရဲဘော်ဘာရီရွာတွင် နေထိုင်သူ ရခိုင်ဒုက္ခသည် ကိုမြတ်နိုးက ပြောသည်။
ဘင်္ဂလာဒေခ်ျ့ ရခိုင်ဒုက္ခသည်များမှာ UNHCR မှ မည်သည့် အကူအညီ မရရှိသည့် အပြင် ယခုကဲ့သို့ အစည်းအဝေးသို့ လာသောအခါတွင်လည်း ခရီးစရိတ်၊ စားစရိတ်များကို အပြည့်အ၀ ထောက်ပံ့ပေးခြင်း မရှိကြောင်း သိရသည်။
" ကျွန်တော်တို့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေပါ။ အခု သူတို့က ၂ ရက် အစည်းအဝေးခေါ်တဲ့ အတွက် လာတက်တယ်။ ၂ ရက် အချိန်ဖြုန်းလိုက်ရတဲ့ အတွက် လုပ်အားခ နစ်နာသွားတယ်။ နောက်ဆိုသူတို့လုပ်တဲ့ အခမ်းအနားဆိုရင် တက်ချင်စိတ်တောင်မရှိ ဘူး" ဟု သူက ပြောသည်။
၎င်းအပြင်သူက သူတို့နေထိုင်သော ကျေးရွာတွင် သူ၏ ဇနီးအား ဒေသခံဘင်္ဂလီလူမျိုးတယောက်က ဆွဲလိုက် ငင်လိုက် လုပ်သဖြင့် ယူအန် အရာရှိအား လုံခြုံရေးအရ စိုးရိမ်ရကြောင်း တိုင်ကြားရာ UNHCR အရာရှိမှ သင့်တော်ရာ ဒေသတခုသို့ ပြောင်းရွှေ့နေ ထိုင်ဟုသာပြောပြီး ကူညီ ဆောင်ရွက်ပေးမည်ဟု တလုံး တပါဒမျှ ပြောကြားခြင်းမရှိခဲ့ကြောင်း သူက ပြောသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံရောက် ယူအန်ကဒ် ကိုင်ဆောင်ထားသူ မြန်မာ မြို့ပေါ် ဒုက္ခသည်မှာ ၂၀၀ ခန့်ရှိရာ ယူအန်မှ တစုံတရာ အကူညီ မရသဖြင့် စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေး အပိုင်းတွင် အထူး အခက်အခဲ ကျရောက် ဖြစ်ပေါ်လျှက် ရှိသည်။
သို့အတွက် ရခိုင် ဒုက္ခသည်များမှာ ယူအန်မှ အသိအမှတ်ပြုထားသော်လည်း အလုပ် အလွန်တရာ ရှားပါးပြီး လူဦးရေ အလွန် ထူထပ် သော ဘင်္ဂလာဒေခ်ျ့တွင် မိမိအလုပ်ကို မိမိလုပ်ကာ ခက်ခဲ ပင်ပန်းစွာဖြင့် ရပ်တည်နေထိုင်ကြရကြောင်း သိရသည်။
No comments:
Post a Comment