အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ဗဟို အောင်နိုင်ရေး ကော်မတီကို စတင် ဖွဲ့စည်းလိုက်ပြီး ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်လည်း ရန်ကုန်တိုင်းအတွင်းက မဲဆန္ဒ နယ်တ နေရာမှာ ရွေးကောက်ပွဲ ဝင်ဖို့ ရှိတယ်လို့ ပါတီ ပြောခွင့် ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။ဒီနေ့ (တနင်္လာနေ့) မှာ ဖွဲ့စည်း လိုက်တဲ့ ဗဟို အောင်နိုင်ရေး ကော်မတီမှာ တာဝန် ခံက အဖွဲ့ချုပ် လက်ရှိ ဒုဥက္ကဋ္ဌ ဦးတင်ဦး ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်၊ ဦးဝင်းတင်နှင့် ဗဟိုက ခေါင်းဆောင် ၂၁ ဦးနှင့် ဖွဲ့စည်း လိုက်တာပါ။
ဒါ့အပြင် ပြည်နယ် တိုင်းခရိုင် မြို့နယ် စည်းရုံးရေး အဖွဲ့ တွေကိုလည်း သက်ဆိုင်ရာ နယ်မြေ အလိုက် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့တွေ ဖွဲ့စည်းဖို့ ဗဟိုက ညွှန်ကြားစာ ပေးပို့သွား မယ်လို့ သူက ပြောပါတယ်။
“ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သူများ၊ တိုင်းရင်းသားလူမျိုးများ၊ ဒီမိုကရေစီအင်အားစုများနဲ့ စည်းလုံးညီညွတ်မှုများကို တည်ဆောက်၍ ပူးပေါင်းလှုပ်ရှားကြရမည် ဖြစ်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့အစည်းများကို ဖွဲ့စည်းပြီး စုပေါင်းအကောင်အထည် ဖော်ကြရမည်ဖြစ်ပါသည်။ အောင်နိုင်ရေးအဖွဲ့များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုဂ္ဂိုလ်များ၊ ပြည်သူလူထုတို့ရဲ့ လေးစားယုံကြည်ခြင်းခံရတဲ့ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလူမျိုးများ၊ အမျိုးသမီးနှင့် လူငယ်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ လယ်သမား၊ အလုပ်သမားများ၊ ကုန်သည်စီးပွား ကဏ္ဍမှပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖနှင့် ရပ်မိရပ်ဖများ၊ နိုင်ငံရေးအစဉ်အလာရှိသူများ စသည့် အောင်နိုင်ရေးအတွက် လုပ်ကိုင်နိုင်သူများ ပါဝင်စေလျက် အောင်နိုင်ရေးအဖွဲ့များ ဖွဲ့စည်းမည့် အဆိုပြုလွှာစာရင်းကို ဗဟိုအောင်နိုင်ရေးအဖွဲ့သို့ ရက်သတ္တပတ် ၂ပတ်အတွင်း ပေးပို့ကြရန်ဖြစ်ပါတယ်။”
အဖွဲ့ချုပ်က ဒီနေ့ ဖွဲ့စည်းလိုက်တဲ့ ဗဟိုအောင်နိုင်ရေး ကော်မတီ လက်အောက်မှာ သတင်းပြန်ကြားရေးနဲ့ စာစောင် ထုတ်ဝေရေး၊ စည်းရုံးလှုံ့ဆော်ရေး ကော်မတီ၊ မဲဆွယ်ဟောပြောရေး ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး ကော်မတီ၊ ဥပဒေရေးရာ ကော်မတီ တို့ကိုလည်း ဖွဲ့စည်းထားပြီး၊ မှတ်ပုံတင်ခွင့်ရတာနဲ့ အောင်နိုင်ရေးကော်မတီရဲ့ လုပ်ငန်းတွေကို စတင်လုပ်ဆောင်သွားမယ်လို့ ဦးအုန်းကြိုင်က ဆိုပါတယ်။
ရွေးကောက်ပွဲဥပဒေအရ ကြားဖြတ်ရွေးကောက်ပွဲကို သုံးလကြိုတင် ကြေညာရမှာဖြစ်တဲ့အတွက် ယခုထိ မကြေညာသေးတာကို ထောက်ရင် လာမယ့်နှစ် မတ်လထက်စောပြီး မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။
လောလောဆယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း နေပြည်တော်က ရွေးကောက်ပွဲ ကော်မရှင်ထံမှာ တည်ထောင်ခွင့်ရဖို့ လျှောက်ထားဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိစ္စနဲ့ ပတ်သက်လို့ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။
“သူက ရွေးကောက်ပွဲဝင်မယ်လို့ ပိုင်းဖြတ်တဲ့အကြောင်း မီဒီယာတွေမှာလည်း ဖော်ပြနေပါပြီ။ ဝင်လို့ရှိရင်လည်း သူ့ရဲ့အလုပ်အကိုင်များမှု အခြေအနေအရ။ လုပ်ငန်းကလည်းများတယ်လေ။ ရန်ကုန်တိုင်းမှာပဲ ဝင်ချင်တယ်လို့ပြောတယ်။ ရန်ကုန်တိုင်းက ဝင်တဲ့အခါမှာလည်း တကယ့်ကို မြို့နယ်နေပြည်သူလူထုရဲ့ စီးပွားအခြေအနေတွေအရ ဆင်းရဲတဲ့ဒေသတွေမှာ ဝင်မယ်လို့ သူပြောပါတယ်။ ဆိုလိုတာကတော့ ဆင်းရဲတဲ့ တောင်သူလယ်သမားတွေကို တခုခု အကျိုးပြုပေးနိုင်မလားဆိုတဲ့ စိတ်ကူးပေါ့ဗျာ။ အဲ့ဒီစေတနာနဲ့ ပြောတာပါ။ အဲ့တော့ တချို့ကလည်း ကော့မှူးများ ဖြစ်နိုင်မလားလို့ တချို့လည်း တွေးကြတာပေါ့။ တရားဝင်တော့ ဆုံးဖြတ်ထားပြီလို့ မပြောသေးပါဘူး။”
ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းအရ ပြည်သူ့လွှတ်တော်အတွက် နေရာ ၄၀ အမျိုးသားလွှတ်တော်အတွက် ၆ နေရာနဲ့ တိုင်းနှင့်ပြည်နယ် လွှတ်တော်အတွက် ၂ နေရာ စုစုပေါင်း ၄၈ နေရာ လစ်လပ်နေတယ်လို့ သိရပါတယ်။
No comments:
Post a Comment