ထွန်းထွန်း
လာမည့် ကြားဖြတ် ရွေးကောက်ပွဲ လစ်လပ် မဲဆန္ဒ နယ်များတွင် ပါတီများ အနေဖြင့် လွတ်လပ်စွာ မဲဆွယ်နိုင် ခွင့်ရှိပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကသောကြာ နေ့၌ နေပြည် တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲတွင် ပြောဆိုခဲ့သည်။
မဲဆွယ်ရာတွင်လည်း ရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြားရန်မလိုဘဲ လွတ်လပ်စွာ လုပ်ဆောင်နိုင်ကြောင်း ကိုလည်း ပြောဆိုခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် သတင်းထောက်များထံမှ သိရသည်။
“ဘယ်တော့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ် ဆိုတာကိုတော့ မပြောနိုင်သေးဘူးပေါ့နော်။ ဒါပေမဲ့ ပါတီတွေ အနေနဲ့ လစ်လပ် မဲဆန္ဒနယ် ၄၈ နေရာဆိုတာ သိပြီးပြီးဆိုတဲ့အတွက် အဲဒီနေရာတွေမှာ လွတ်လပ်စွာ မဲဆွယ်နိုင်ခွင့်ရှိပြီလို့ ပြောသွားတယ်” ဟု သတင်းတက်ရောက်ယူနေသည့် ပြည်တွင်းဂျာနယ် တခုမှ အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။
ယင်းအပြင် ပြည်တွင်းဂျာနယ်တခု၌ ပါတီများအနေဖြင့် ခရီးထွက်မည်ဆိုပါက ကော်မရှင်သို့ တင်ပြရမည် ဆိုသည် မှာလည်း သတင်းမှားတခုသာ ဖြစ်ကြောင်းနှင့် မည်သည့်ညွှန်ကြားချက်မှ မပေးထားကြောင်း ဦးတင်အေးက ပြော ဆိုခဲ့သည်ဟု သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ မည်သည့်နေ့ရက်တွင် ကျင်းပမည်ဆိုသည်ကိုမူ အတိအကျ မထုတ်ပြန်နိုင် သေးသော် လည်း ကြားဖြတ် ရွေးကောက်ပွဲ အတွင်း တရားမျှတစွာ ကျင်းပနိုင်ရေး အတွက် လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ကော်မရှင် အဖွဲ့ဝင်တဦး ဖြစ်သည့် ဦးမြင့်ဦးကလည်း ကြိုတင်မဲ ပေးရန် နည်းလမ်းများအား ပြောဆိုခဲ့သေးပြီး မဲပေးမှုနှင့် ပတ်သက် ၍လည်း ပညာပေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ပြည်တွင်း အခြေစိုက် ဂျာနယ်များမှ သတင်းထောက် ၃၀ ကျော်နှင့် သတင်းတပ်ဖွဲ့မှ လူတချို့ တက်ရောက်ခဲ့သည်။
“ကြိုတင်မဲတွေကိစ္စကို ပြောတယ်။ ပြောပြီးတော့ မျှမျှတတ သူတို့ သေချာလုပ်မယ်။ အရင် ၂၀၁၀ ရွေးကောက်ပွဲ တုန်းက အားနည်း ချက်တွေ၊ အားသာချက်တွေ ရှိတယ်ပေါ့နော်။ အရင်ဖြစ်ခဲ့တဲ့ဟာတွေကိုတော့ ထားလိုက်ပါတော့ တဲ့။ ပြန်ပြန်ပြောမနေပါနဲ့တဲ့။ နောင် သူတို့ တရားမျှတတယ်လို့ ပြောရအောင် ဥပဒေ အတိုင်းကို သေချာလုပ်သွား မယ် ဆိုတာကို ပြောတာ” ဟု အယ်ဒီတာက ပြန်ပြော ပြသည်။
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းမှာ ပြည်တွင်းထုတ် သတင်းဂျာနယ်တချို့အား တွေ့ဆုံမေး မြန်းခွင့်ပြုပြီး ကျန်သတင်း ဂျာနယ် များကိုလည်း တွေ့ဆုံလိုခြင်းကြောင့်ဟု သိရပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှတ်ပုံတင်သည့် ကိစ္စကိုလည်း ထည့်သွင်း ပြောဆိုခဲ့သည်ဟု သိရသည်။
NLD ၏ ပါတီတည်ထောင်သူ ၂၁ ဦးအား နောက်ကြောင်းပြန်လိုက်ရာ၌ ပြစ်ချက် ကင်းရှင်းကြခြင်းကြောင့် ခွင့်ပြုခဲ့ကြောင်းကို လည်း ပြည်ထောင်စု ကော်မရှင်က ထုတ်ဖော်ခဲ့သည်။
“နောက်ကြောင်းလိုက်တဲ့ နေရာမှာတော့ ၂၁ ဦးလုံးက Clear ဖြစ်တယ်။ အဲဒီတော့ သူတို့ကို ပါတီမှတ်ပုံတင်ဖို့ ခွင့်ပြုခဲ့တယ်လို့တော့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဥပဒေ တခုခုနဲ့ ငြိစွန်းတာ လောလော ဆယ်မှာ မရှိသေးဘူးလို့ ပြောသွားတယ်” ဟု ပွဲတက်ရောက်ခဲ့သူ တဦးက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲအတွင်း လစ်လပ်နေရာပေါင်း ၄၈ နေရာရှိပြီး တိုင်းရင်းသားဒေသ တိုက်ပွဲများကြောင့် မကျင်းပနိုင်သည့် ၁၇ နေရာကိုလည်း ပြောဆိုခဲ့သည်ဟု သိရသည်။ ယင်းအပြင် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကျပ်သန်း ၇၀၀ သုံးစွဲသွားမည်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကာလက ကျပ် သန်းပေါင်း ၁၁၀၀ နီးပါး သုံးစွဲခဲ့သည် ဟု ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် မှတ်ပုံတင်ထားသည့် ပါတီပေါင်း ၃၇ ပါတီရှိပြီး မှတ်ပုံတင် လျှောက်ထားသည့် ပါတီ ၁၀ ခုရှိပြီ ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
No comments:
Post a Comment