လာမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးတင်ဦးက ပြောကြားလိုက်ပါတယ်။“အသက်ကြီးပြီဗျာ။ လူငယ်တွေကို အစားထိုးချင်ပြီဗျာ၊ လူငယ်တွေ ရှိပါတယ်ခင်ဗျ။ ကျနော်ကတော့ မဝင်ပါဘူးခင်ဗျ။ တော်လောက်ပါပြီ၊ လွှတ်တော်ထဲမှာ ပြောချင်ဆိုချင်စိတ်လည်း မရှိပါဘူးခင်ဗျာ” လို့ အသက် ၈၅ နှစ် အရွယ် ဦးတင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒါပေမယ့် ပါတီရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ဝန်းရံပံ့ပိုး ကူညီသွားမယ်လို့ ပြောပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ဟောင်းနဲ့ အန်အယ်လ်ဒီ စတင်ထူထောင်ရာမှာ ပါဝင်ခဲ့တဲ့ ဦးတင်ဦးဟာ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပချိန်တွေမှာ နေအိမ် အကျယ်ချုပ်နဲ့ ထိမ်းသိမ်းခံခဲ့ရတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၈ ရက်နေ့က ဆုံးဖြတ်လိုက်ပြီးနောက်မှာ ဦးတင်ဦး အပါအဝင် ၂၁ ဦးက ပါတီထူထောင် လိုကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှာ လျောက်ထားဆဲ ဖြစ်ပါတယ်။
ပါတီအနေနဲ့ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် ရပြီးပါက ပါတီဝင်တွေကို ပြန်လက်ခံဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပါတီဝင်အရေအတွက် တသန်းလောက်ထိ လျောက်ထားနိုင်တယ်လို့လည်း ပြည်တွင်းထုတ်ဂျာနယ်တွေမှာ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီအရေအတွက်ကို အန်အယ်လ်ဒီပါတီကတော့ အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။
ပါတီ ပြောခွင့်ရသူ ဦးညဏ်ဝင်းက “ကျနော်တို့ အရေအတွက်ကို အဲဒီလို ဆုံးဖြတ်ချက် သတ်မှတ်ချက် မရှိပါဘူး။ မြန်မာနိုင်ငံတွင်းက စည်းကမ်းနဲ့ ညီညွတ်တာ ကျနော်တို့သတ်မှတ်ချက်နဲ့ ညီညွတ်တာ ဝင်လာသမျှ လက်ခံရမှာပဲလေ အရေအတွက် ပြောတာကတော့ ကိုယ့်ဘာသာကိုယ် ခန့်မှန်းပြီး ပြောနေကြတဲ့သဘောပါ။”လို့ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်နယ်နဲ့တိုင်း မြို့နယ်တွေမှာ ရုံးခွဲပေါင်း ၃၀၀ လောက် ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပတဲ့ ကာလဝန်းကျင်မှာ ပါတီဝင် အရေအတွက် ၂ သန်းလောက် ရှိတယ်လို့ ခန့်မှန်းခဲ့ကြဖူးပါတယ်။ နောက်ပိုင်းမှာ အာဏာပိုင်တွေက ပါတီရုံးတွေကို ဝင်ရောက် စီးနင်းချိတ်ပိတ်ပြီးနောက် ပါတီဝင်တွေရဲ့ အထောက်အထား မှတ်တမ်းတွေ ဆုံးရှုံးသွားခဲ့ရတာပါ။
မြန်မာအစိုးရကတော့ အန်အယ်လ်ဒီကို တည်ထောင်ခွင့်ပြု လျှောက်ထားချက်ကို ခွင့်ပြုခြင်း မရှိသေးတဲ့အပြင် ၂၀၁၀ ရွေးကောက်ပွဲအပြီး လစ်လပ် မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေကိုလည်း လာမယ့် ၃ လ အတွင်း ကျင်းပဦးမှာ မဟုတ်ဘူးလို့ကြေညာထားပါတယ်။
No comments:
Post a Comment