ကိုဝိုင်း
ဒီဇင်ဘာ လအတွင်း နေပြည်တော်တွင် ကျင်းပ ရန်ရှိသည့် မဲခေါင် ဒေသ နိုင်ငံများ ၄ ကြိမ်မြောက် နိုင်ငံတော် အဆင့် အစည်း အဝေးသို့ တရုတ် နိုင်ငံမှ ဝန်ကြီးချုပ် ဝမ်ကျားပေါင် ကိုယ်တိုင် မတက်ရောက် ဘဲ နိုင်ငံတော် ကောင်စီဝင် ဒိုင်ဘန်ဂေါင်း Dai Bungguo သာ တက်ရောက် တော့မည် ဖြစ်သည်။
ဒီဇင်ဘာ ၁၉ နှင့်၂ဝ ရက် နေ့များတွင် ကျင်းပမည့် မဲခေါင် ဒေသ နိုင်ငံများ အစည်း အဝေးသို့ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် တက်ရောက် မည်ဖြစ်ကြောင်း အစည်း အဝေး အစီအစဉ် ရေးဆွဲ ချမှတ် သူများနှင့် နီးစပ်သူ တဦးအား ကိုးကား၍ ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် ရိုက်တာ သတင်း များတွင် ဖော်ပြ ပါရှိသည်။
သို့သော် တရုတ် အစိုးရ ဆင်ဟွာ သတင်း စာကမူ “ဒိုင်ဘန် ဂေါင်းသည် မဲခေါင် ဒေသ နိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစည်း အဝေးသို့ တက်ရောက်ရန် နေပြည်တော်ကို သွားရောက်မည်” ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Liu Weimin က ကြာသပတေးနေ့က ပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းပွဲတွင် ပြောကြား ခဲ့ကြောင်း ဖော်ပြသည်။
တရုတ်-မြန်မာ ဆက်ဆံရေးကို လေ့လာနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) NLD/LAနိုင်ငံခြား ဆက်ဆံရေး ကော်မတီ တာဝန်ခံ ဦးညိုအုန်းမြင့်ကမူ တရုတ် ဝန်ကြီးချုပ်၏ လုပ်ငန်းစဉ် အချိန်ဇယား အပြောင်းအလဲကြောင့် ဖြစ်နိုင်သော်လည်း ကချင် ပြည်နယ် အတွင်း တိုက်ပွဲများ ဆက်ဖြစ်နေ မှုနှင့် ပို၍ ဆက်စပ်မည် ဟု ယူဆကြောင်း မဇ္ဈိမကို ပြောသည်။
“လောလောဆယ် ကချင်တို့ ဘာတို့ conflict မပြီးမချင်း သူတို့ ဘယ်ဘက်ကိုမှ မပါချင်ဘူး ဆိုတဲ့ဟာလို့ ကျနော် ပိုထင်တယ်။ တကယ်လို့ သူ သွားတက်တယ်ဆိုရင် ဗမာပြည်က အေးဆေးပါပဲ ဒါကြောင့် တရုတ် ဝန်ကြီးချုပ် ကိုယ်တိုင် သွားတယ်ဆိုရင် ကချင်ပေါ်မှာ အစိုးရက ထပ်ပြီး ဖိအားပေးလာနိုင်တယ်လို့ ထင်တယ်” ဟု ပြောသည်။
အဆိုပါ မဲခေါင်ဒေသ နိုင်ငံများ အစည်းအဝေးသို့ တရုတ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုတို့မှ ထိပ်သီး ခေါင်းဆောင် များ တက်ရောက်မည် ဖြစ်ပြီး ဒေသတွင်း စီးပွားရေး ကိစ္စများကို အထူးအလေးပေး ဆွေးနွေးကြမည် ဖြစ်သည်။
တရုတ်-မြန်မာ ဆက်ဆံရေးသည် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ဒေါ်လာ သန်း ၃.၆ ထောင်တန် မြစ်ဆုံ စီမံကိန်းအား ခေတ္တ ရပ်ဆိုင်းကြောင်း သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ၌ ကြေညာခဲ့ အပြီး အေးနေခဲ့သည်ဟု လည်း ဦးညိုအုန်းမြင့်က ထောက်ပြသည်။
“တရုတ်က ဟန်ဆောင်ပြီးတော့ ဘာမှ မဖြစ်ပါဘူးလို့ ပြောပေမယ့် ယူနန်အစိုးရနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ အပိုင်းတွေလည်း ကြည့်ရ မယ်လေ” ဟု ဆိုသည်။
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အတိုက်အခံ ဘဝဖြင့် နေလာခဲ့ရသည့် နှစ်ပေါင်း ၂ဝ ကျော်ကြာမှ တရုတ် သံအ မတ်က ဒီဇင်ဘာ ၈ ရက်နေ့က သွားရောက် တွေ့ဆုံခဲ့သည်မှာလည်း ဦးသိန်းစိန် အစိုးရအား မကျေမနပ် ဖြစ်သည်ကို ပြသရာ ရောက် ကြောင်း သုံးသပ်သည်။
“တရုတ်က သူ့ရဲ့ မကျေနပ်ချက်ကို ဒီနည်းနဲ့ ပြန်ပြတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ တရုတ်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ သူတို့က Government to Government ပဲ ဆက်ဆံလေ့ ရှိတယ်။ Opposition ကို သူတို့ ဆက်ဆံလေ့ မရှိဘူး” ဟု ဦးညိုအုန်းမြင့်က ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Liu Weimin ကမူ “ဒေါ်အောင်ဆန်းစုကြည်က တရုတ်နဲ့ တွေ့ချင် တယ်လို့ အကြိမ်ကြိမ် တောင်းလို့ တရုတ်သံအမတ်က သွားတွေ့တာပါ။ တခြား ပြည်တွင်းရေးကို မစွက်ဖက်ရဘူး ဆိုတဲ့ မူကို အခြေခံပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် အထောက်အကူပြုမယ့် အနေအထား အားလုံးနဲ့ ဆက်စပ်သွားမှာပါ” ဟု သတင်းထောက်များကို ကြာသပတေးနေ့က ပြောသည်။
မြန်မာနိုင်ငံသို့ လာမည့် အပတ်တွင်သွားမည့် အသက် ၇ဝ အရွယ် တရုတ် နိုင်ငံတော် ကောင်စီဝင် ဒိုင်ဘင်ဂိုးသည် ဝါရင့် သံတမန် တဦးဖြစ်ပြီး ၂ဝဝ၈ ခုမှစ၍ သမ္မတ ဟူကျင်းတောင် အစိုးရ၏ နိုင်ငံခြားရေးမူဝါဒချမှတ်ရေးတွင် အထူး အားကိုးရသူတဦး ဖြစ်လာကြောင်း သိရသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၄၄ဝဝ ရှိပြီး၊ တွင်းထွက်နှင့် စွမ်းအင်ကဏ္ဍအထူးပြုသည့် တရုတ်၏ မြန်မာအတွင်း ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ သန်း ၁၂ဝဝ ကျော်ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြပါရှိသည်။
ထို့ပြင် အိန္ဒိယသမုဒ္ဒရာကို ဖြတ်လာမည့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကဘက်မှ ရေနံနှင့် ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့တို့ကို သူ၏ ကုန်းပိတ်ဒေသ ယူနန်ပြည်နယ်အတွင်း တင်သွင်းနိုင်ရန် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းကို စတင်နေပြီ ဖြစ်သည်။ယူနန်ပြည် နယ်မှ ကုန်စည်များကိုလည်း ထိုလမ်းကြောင်းမှ တဆင့်ပြည်ပသို့ ပြန်လည် တင်ပို့နိုင်မည် ဖြစ်သည်။
No comments:
Post a Comment