
ရွှေည၀ါ ဆရာတော် ဦးပညာ သီဟက နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့ (မဟန) ၏ ဆုံးဖြတ် ချက်ကို ပြန်လည် ပြင်ဆင် ပေးရန် ထေရ၀ါဒ ထုံးတမ်း စဉ်လာ အရ ယနေ့ အသနား ခံစာ တင်သွင်း လျှောက်ထား လိုက်ပြီ ဖြစ်သည်။
“အားလုံးအားလုံးရဲ့သဘောထားတွေကို ဘုန်းကြီးရဲ့တကိုယ်ရေဆုံးဖြတ်ချက်ကို ပြင်ပြီးတော့ လိုက်လျောပြီး သံဃ မဟာ နာယက အဖွဲ့ကို အခု လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ် စုစုပေါင်းလက်မှတ် ၁၂၀၀၀ ကျော်နဲ့ မနက်က သွားတင်လိုက်ပြီ”ဟု ရွှေည၀ါ ဆရာတော် ဦးပညာသီဟ က ဧရာဝတီကို မိန့်ကြားသည်။
ဒီဇင်ဘာလ ၁၂ နေ့စွဲဖြင့် နိုင်ငံတော် မဟန အဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်ပါ အကြောင်းကြားစာကို ရွှေည၀ါ ဆရာတော် ဦးပညာသီဟ ထံ ပေးပို့ခဲ့သည်။
အကြောင်းကြားစာတွင် တရားဟောခွင့် ပိတ်ပင်ထားသည်ကို မလိုက်နာဘဲ တရားဟောခဲ့သည့်အတွက် ရွှေည၀ါ ဆရာတော် ကို သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ အဆင့်ဆင့်၏ ဆုံးမညွှန်ကြားမှုကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်(သံဃာအဖွဲ့အစည်း ၏ ဆုံးမမှုကို မနာခံသူ)အဖြစ် သတ်မှတ်ရန်နှင့် နိုင်ငံတော် သံဃ မဟာ နာယကအဖွဲ့၏ ခွင့်ပြုချက်မရဘဲ သာဓုကျောင်း အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ဆောင်ရွက်ခြင်း မပြုရန် တို့ပါဝင်သည်။
မဟန က ဆုံးဖြတ်ချက်ချလိုက်သော်လည်း သံဃနာယက ဆရာတော်များအပေါ် ရွှေည၀ါဆရာတော်က စိတ်နှင့်နုတ် တို့က မပြစ်မှား ကြောင်း၊ သာသနာ အကျိုးပြု လုပ်ငန်းများကို နှစ်ပေါင်းများစွာ လုပ်ဆောင်နေသည်ကို မသိ၍သာ ယခုကဲ့သို့ ဆုံးဖြတ်ခြင်း ဖြစ်နိုင် ကြောင်း၊ ခေါ်ယူဆုံးမမှု ခံယူနိုင်ရန် အချိန်မရွေး အဆင်သင့်ရှိ ကြောင်း မိန့်ဆိုသည်။
“အယူခံတင်လွှာ အသနားခံတင်လွှာတင်ပြီးတော့ သာသနာတော်မှာ ရှိတဲ့ ဆရာတော်ကြီးတွေနဲ့ တပည့်သံဃာတွေ အားလုံး တစိတ်တ၀မ်းတည်း ညီညွတ်စေချင်တဲ့ ဆန္ဒ အရင်းခံ အမှန်ရှိပါတယ်။ ရှိတဲ့အတိုင်းလည်းပဲ ထေရ၀ါဒ ထုံးစံ အတိုင်း ကျုပ်က ၀န်ချတောင်းပန်ဖို့၊ ကျုပ်မှားတယ် မှန်တယ်ဆိုတာကို ဘာမှမပြောလိုတော့ဘူး၊ ၀န်ချတောင်းပန်ဖို့ကိစ္စကို ကျုပ်ဆောင်ရွက်နေ ပါတယ်”ဟုလည်း ဆရာ တော်က ဆိုသည်။
ဆရာတော်က အမျိုး၊ ဘာသာ၊ သာသနာအတွက် ဆက်လက်ဆောင်ရွက်မည်ဟုဆိုပြီး ယခုလည်း ကျောင်းတိုက်တွင် ယခင် အတိုင်း သတင်းသုံးနေထိုင်လျက်ရှိသည်။
ရွှေည၀ါ ဆရာတော်၏ ဟောပြောချက်များကို သက်ဆိုင်ရာ သံဃာ အဖွဲ့အစည်းက သဘောမတူသည့်အတွက် ၁၁၊ ၂၊ ၂၀၁၁ ရက်နေ့မှ ၁၀၊ ၂၊ ၂၀၁၂ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း တနှစ် တရားဟောခွင့် ပိတ်ပင်ထားခဲ့ကြောင်း၊ ထို့ကြောင့် ဆရာတော် မှ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးဖွင့်ပွဲတွင် သြ၀ါဒ ဆုံးမစကားကိုသာ ပြောခဲ့သည်ကို နိုင်ငံ တော် သံဃမဟာ နာယက အဖွဲ့ (မဟန)သို့ တရားဟောပါသည်ဟု မန္တလေးတိုင်း သံဃမဟာနာယက အဖွဲ့က မှားယွင်း စွာတင်ပြခဲ့ခြင်း ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
“တရားဟောရင်လည်း မာမာထန်ထန် ဟောတတ်ပြောတတ်တဲ့ သဘာဝရှိတယ်၊ ပုထုဇဉ် သဘာဝ အလျောက် အမှားပါနိုင် တယ် ဆိုတာတော့ ရိုးသားစွာ ၀န်ခံနိုင်ပါတယ်၊ ဟုတ်မှန်တယ် ထင်လို့ ပြောတာကို တဘက်ကျတော့ အမှားဖြစ်ရင်လည်း ဖြစ်နိုင်မှာပါ”ဟု ဆရာတော်က မိန့်သည်။
ဆရာတော်အား မဟနက ဆုံးဖြတ်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်ကလည်း စိုးရိမ်ပူပန်ခဲ့သည်။ ထို့နောက် NLD က အစည်းအဝေးခေါ်ယူပြီးနောက် NLD ဦးဆောင်ကာ စုပေါင်းလက်မှတ်ရေးထိုး၍ သက်ဆိုင်ရာသို့ တင်ပြသွားရန်ရှိကြောင်း ယမန်နေ့က NLD ခေါင်းဆောင် ဦးတင်ဦးနှင့် ဒေါက်တာ ဒေါ်မေ၀င်းမြင့်တို့ကလာရောက်ကာ သတင်းစကားပါးခဲ့သည်ဟု ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်သူ ကိုကိုကြီး(စမ်းချောင်း) က ပြောသည်။
“သံဃမဟာနယက အဖွဲ့ကို စာတင်ဖို့ မနေ့ည ၁၁ နာရီ ထိ လာပြီး လက်မှတ်ထိုးကြတယ်။ NLD က ဦးဆောင်ပြီး လက်မှတ် အားလုံးကို စုတင်ဖို့ လုပ်မယ်။ လက်မှတ်တွေ အခု ၅၀၀ လောက်ရှိနေပြီ၊ စာရွက်တွေ ကုန်သွားလို့ ဒီနေ့ ဆက်လုပ်နေ တယ်” ဟု သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗဲလ် ဆုရခြင်း နှစ်၂၀ ပြည့်အခမ်းအနားတွင် ရွှေညဝါ ဆရာတော်က ၎င်းအား အာဏာ ပိုင် များက ဖိအားပေးနေကြောင်း မိန့်ကြားခဲ့သေးသည်။
“ဟီလာရီ ကလင်တန်နဲ့၂ ရက်နေ့မှာ တွေ့ပြီးတော့ ၄ ရက်နေ့ကတည်းက သတင်းတွေ ကြားနေတာပါပဲ”ဟု ဆရာတော် က မိန့်ကြား သည်။
မကြာသေးမီက သာဓု ကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗဲလ် ဆုရခြင်း နှစ် ၂၀ ပြည့် အခမ်းအနားနှင့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား စသည်တို့ကို ဆရာတော်က ကျင်းပခွင့်ပေးခဲ့သည်။
ဆရာတော်က အုပ်ချုပ်သူနှင့်အတိုက်အခံအားလုံးတို့သည် ဒကာ၊ ဒကာမများသာဖြစ်ကြောင်း အလှူခံပုဂ္ဂိုလ်ဖြစ်သည့် အတွက် အားလုံး ကို ညီတူညီမျှသဘောထားကြောင်း၊ ရဟန်းဟူသည်မှာ ဘက်မလိုက်ရကြောင်း မိန့်ကြားသည်။
ဆရာတော်သည် တိုင်းရင်းသားဒေသတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင်စစ်ပွဲများနှင့်ပတ်သက်၍လည်း ငြိမ်းချမ်းရေးအတွက် အားလုံး နှင့်သက်ဆိုင်ကြောင်း မိန့်ဆိုသည်။
“တိုင်းပြည်ရဲ့အကျိုးစီးပွားကို လိုလားတယ်။ လူမျိုးရဲ့အကျိုးစီးပွားကို လိုလားတယ် ဆိုရင် တိုင်းပြည်အတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခ ပြဿနာတွေကို ကိုယ်နဲ့မဆိုင်ဘူးလို့ နေဖို့ မသင့်ပါဘူး။ ဆိုင်တယ်လို့ ကိုပဲ ယူဆရမှာပါ”ဟု ဆရာတော်က မိန့်ကြား သည်။
No comments:
Post a Comment