Wednesday, December 14, 2011

ပဉ္စမအကြိမ် မလေးရှား စာပေဟောပြောပွဲ

ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၁၄ ရက် ၂၀၁၁

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ တခုကို တနင်္ဂနွေနေ့က ကျင်းပခဲ့ကြသည်။

မြန်မာပြည်တွင်းမှ အထင်ကရ စာရေးဆရာများဖြစ်ကြသော စာရေးဆရာ အကြည်တော်၊ ဆရာနွမ်ဂျာသိုင်းနှင့် ဆရာမ သန်းမြင့်အောင်တို့ လာရောက်ဟောပြောကြခြင်း ဖြစ်သည်။

“မြန်မာပြည်မှာလည်း စာရေးဆရာဆိုတာ တွေ့ရခဲတယ်လေ။ ရုပ်ရှင်မင်းသားကို ဗီဒီယိုထဲမှာ ၂ဝဝ ပေးကြည့် လို့ရတယ်။ စာရေး ဆရာ ကတော့ ၂၀၀ ပေးကြည့်လို့လည်း မရဘူး။ ဗီဒီယိုထဲမှာလည်း ဘယ်တော့မှ ပါတဲ့ လူတွေမဟုတ်တဲ့အတွက် လာပြီးတော့ အားပေးကြ တာပေါ့” ဟု ဟာသစာရေးဆရာ အကြည်တော်က မဇ္ဈိမကို ပြောသည်။



ကွာလာလမ်ပူမြို့ KL ကုန်တိုက် ခန်းမတွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပ ခဲ့သော ဟောပြောပွဲ သို့ ပရိသတ် ၉ဝဝ ကျော် လာရောက် နားထောင် ကြသည်။

ဟောပြောပွဲတွင် ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်းမှ အတွင်းရေးမှူးလည်းဖြစ်သည့် ဆရာမ သန်းမြင့်အောင် က ‘လူမှုဘဝ ပရဟိတ နယ်ပယ် ‘ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ၁၉၈ဝ စုနှစ်များအတွင်း ဆရာငြိမ်းကျော်၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)တို့နှင့် ခေတ်ပြိုင် တက္ကသိုလ်ဘဝနှင့် အချစ်ဝတ္ထုရေးဆရာ နွမ်ဂျာသိုင်းက ‘စာရေးသူမှ စာဖတ်သူသို့’ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဟာသစာရေးဆရာ အကြည်တော်က ‘လမင်းဖမ်းပွဲ’ခေါင်းစဉ်ဖြင့် အသီးသီး ဟောပြောသွားခဲ့ကြသည်။

“ပြည်တွင်းမှာကလည်း စာဖတ်အားက နည်းကြတယ်လေ။ ပြည်ပရောက်တော့လည်း သူတို့အလုပ်နဲ့ သူတို့၊နောက်ပြီး လမ်းပန်း ဆက်သွယ်ရေး အနေအထားအရ စာအုပ်တွေ ရောက်မှု/မရောက်မှုအပေါ်မှာ မူတည် တာပေါ့။ ဝါသနာပါတဲ့သူကတော့ ဖတ်နေတုန်းပါပဲ” ဟု ပြည်ပဟောပြောပွဲ ပထမဆုံးအတွေ့အကြုံအား ဆရာအကြည်တော်က သုံးသပ်သည်။

စာရေးဆရာတဦးလျှင် တနာရီကျော်ကြာစီ ဟောပြောကြပြီးနောက် ကွန်ပျူတာ၊ ခရီးဆောင် ကွန်ပျူတာ စသည့် အဖိုးတန် ပစ္စည်းများ အား ပရိသတ်များက ကံစမ်းမဲနှိုက်ကြကြောင်း ဟောပြောပွဲ စီစဉ်သည့် နာရေးကူညီမှုအသင်း (ကွာလာလမ်ပူ)မှ ကိုအော်စကာ က ပြောသည်။

“ဒီမှာ စာပေဟောပြောပွဲလုပ်တာ ငါးကြိမ်ရှိသွားပါပြီ။ ဒီတခါတော့ ကျနော်တို့ အသင်းက စီစဉ်တာပါ။ ပရိသတ်လည်း စည်စည်ကားကား ပျော်ပျော်ရွှင်နဲ့ လုပ်နိုင်ခဲ့လို့ ကျေနပ်အားရမိပါတယ်” ဟု ပြောသည်။

ဒီဇင်္ဘာလ ၁၈ ရက်နေ့တွင်လည်း ပီနန်မြို့ ဓမ္မိကရာမ မြန်မာ ကျောင်းတိုက်၌ ဆက်လက် ဟောပြော ကြဦး မည်ဖြစ်သည်။

3 comments:

လမ်းသစ်ဂျာနယ် said...

ပဉ္စအကြိမ် စာပေးဟောပြောပွဲ ဆိုတာ မှားနေပါတယ်ခင်ဗျာ။ သူတို့က ပထမအကြိမ်ပါ ခင်ဗျာ။ စာပေဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီ (မလေးရှား) ကို ကျွန်တော် အသေအခြာ မေးကြည့်ပြီးပါပြီ။

လမ်းသစ်ဂျာနယ် said...

ပဉ္စမအကြိမ် မဟုတ်တဲ့အပြင် အဲဒီကျင်းပသွားတဲ့ ပွဲစီစဉ်သူတွေဟာ စာပေဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီ (မလေးရှား) အဖွဲ့အစည်းမှ မဟုတ်တဲ့အကြောင်းနဲ့ ဘောလုံးပွဲဖြစ်မြောက်ရေး ကော်မတီကနေ ကျင်းပသွားတာ ဖြစ်တဲ့အကြောင်း သိရပါတယ်။

လမ်းသစ်ဂျာနယ် said...

ပဉ္စမအကြိမ်မြောက် စာပေဟောပြောပွဲ အစီအစဉ်ကို http://goo.gl/rpZVq ၎င်း Link တွင် သွားရောက်ကြည့်ရှုနိုင်ရန် ပြင်ဆင်ပေးထားပါတယ်ခင်ဗျာ။