Saturday, December 10, 2011

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးနိုင်

အဇံ၊ကောင်းဝါ


ထိုင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသရှိ သဘာဝ ပတ်ဝန်း ကျင် အများ အပြား ပျက်စီးလိမ့် မည်ကို စိုးရိမ် နေကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် Foundation for Ecological Recovery အဖွဲ့အပါအဝင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်ပါဝင်စားသူ ၄ ဦးပါ အဖွဲ့က မွန် လူခွင့်အရေး လှုပ်ရှားသူများနှင့် စံခဘူရီမြို့တွင် တွေ့ဆုံပြီး ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ကြောင့် စိုးရိမ်ရသည့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများကို ရှင်းပြခဲ့သည်။


ကန်ချနပူရီခရိုင်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်ဝင်စားသူတဦး ဖြစ်သည့် Premsak Buawattana က “ကျနော်တို့ နိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဥပဒေတွေ ကောင်းကောင်း ရှိနေတာတောင်မှ ဒီကုမ္ပဏီကြောင့် ကျနော်တို့ နိုင်ငံသားတွေ ကျန်းမာရေး ထိခိုက်မူတွေ ဖြစ်ခဲ့ရတယ်” ဟု ပြောသည်။
“မြန်မာနိုင်ငံမှာ ဆိုရင် သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဥပဒေက ကောင်းကောင်းမွန်မွန် မရှိသေးအတွက် ဒီကုမ္ပဏီကြောင့် သူတို့ဘဝ ပိုပြီး ထိခိုက်လိမ့်မယ်” ဟု သူက ဆက်ပြောသည်။

The Foundation for Ecological Recovery အဖွဲ့သည် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်မူကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ ဒေသခံ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းဘဝ ပျက်စီးသွားမှုနှင့် စီမံကိန်းတွင် ဒေသခံပြည်သူများ မည်သည့်အတိုင်းအတာထိ ပါဝင် ဆုံးဖြတ်ပိုင်ခွင့် ရှိ မရှိ စသည့်အချက်အလက်များကို လေ့လာပြီး သတင်းကောက်ယူနေသော အဖွဲ့အစည်းတခု ဖြစ်သည်။

အဖွဲ့၏ ဥက္ကဌ ဖြစ်သူ Beerawat Dheeraprasart က “ဒီလောက်ကြီးမားတဲ့ စီမံကိန်း ဖြစ်တာတောင်မှ အဓိက အချက်အလက်တွေ သတင်းထဲမှာ ရေးသားတာ မတွေ့ခဲ့ရဘူး။ ကျနော်တို့ သိသလောက်က ဒီကုမ္ပဏီဟာ သူတို့ထဲက သတင်းတွေ အပြင်ကို မပေါက်ကြားအောင် လိုက်ပိတ်ထားတယ်”

“အခု ကျနော်တို့က ဒီစီမံကိန်းမှာ ဘယ်သူက ဘယ်လောက်ထိ ရင်းနှီးမြုပ်နှံထားတယ် ဆိုတဲ့ဟာကို အခုထိ မသိသေးဘူး။ ထိုင်းရင်းနှီးမြုပ်နှံမှု ဘုတ်အဖွဲ့က ငွေကြေးပေးပြီးတော့ စီမံကိန်းတွေ လုပ်နေတာလောက်ပဲ သိပါတယ်” ဟု ပြောသည်။

မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့သည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ထားဝယ် ရေနက်ဆိပ်ကမ်း စီးပွားရေးဇုံကို အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီအား တည်ဆောက်ရန် သဘောတူညီမူ ပြုခဲ့သည်။

လက်ရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီးပွားရေဇုံသည် ထိုင်းနိုင်ငံ ရာရွန်နယ်ဘက်တွင် တည်ဆောက်ထားသည့် မဲတာပွတ် စီးပွားရေဇုန်ထက် ၈ ဆ ကြီးမားသည်။ မဲတာပွတ် စီးပွားရေးဇုန်ကြောင့် ပတ်ဝန်းကျင်ရှိ ထိုင်းပြည်သူများ ကင်ဆာရောဂါ ဖြစ်ပွားခဲ့ရသည်။

မဲတာပွတ် စီးပွားရေးဇုံတွင် ကုမ္ပဏီက ထိုင်းဘတ်ငွေ ၃၇၀ ၀၀၀ သန်းခန့် ရင်းနှီးမြုပ်နှံခဲ့ရပြီး ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုံတွင် ထိုင်းဘတ်ငွေ ၃၀၃ ၀၀၀ သန်းခန့် ရင်းနှီးမြုပ်နှံထားသည်။

အဖွဲ့၏ ဥက္ကဌ ဖြစ်သူက “ကျနော်တို့ ကြားသိထားတာတော့ ကုမ္ပဏီက မြန်မာအစိုးရနဲ့ အနှစ် ၆၀ စာချုပ် ချုပ်ထားတယ်။ သက်တမ်း ကုန်သွားမယ်ဆိုရင် စာချုပ် ချုပ်ရဦးမယ်။ တကယ်လို့ သူတို့ ဆက်လုပ်ချင်သေးတယ် ဆိုရင်ပေါ့” ဟု ပြောသည်။

ရာသီဥတု ဖောက်ပြန်ပြီး စိုက်ပျိုးရေး ပျက်စီးမှုများကို လေ့လာနေသည့် Hathuethai Kongkoun က “ရင်းနှီးမြုပ်နှံမှုတိုင်းဟာ ပြည်သူ အတွက် အကျိုးရှိမယ်လို့ အများစုက ထင်ထားကြတယ်။ တကယ့်တကယ်ကျတော့ အကျိုးရလဒ်ဟာ ကုမ္ပဏီပဲ ရယူသွားတယ်။ ဒေသခံ တွေအတွက် အကျိုးအမြတ် မရှိပါဘူး။ တချို့ဆို အလုပ်လက်မဲ့ပါ ဖြစ်သွားတာ တွေ့ရတယ်” ဟု ပြောသည်။

မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ သတင်းအချက်အလက် မှတ်တမ်းအရ ထားဝယ် ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်ကြောင့် ရွာပေါင်း ၂၀ ရှိ လူဦးရေ ၄၀၀၀ ခန့် အတင်းအဓမ္မ ပြောင်းရွေ့မှုခံရဖွယ် ရှိကြောင်း သိရသည်။

No comments: