Monday, December 5, 2011

နိုင်ငံရေးအကျဉ်းသားမလွှတ်လျှင် ရွေးကောက်ပွဲမ၀င်ဟု ၈၈ ပြော

ထွန်းထွန်း | တနင်္လာနေ့၊ ဒီဇင်ဘာလ ၀၅ ရက် ၂၀၁၁

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး မလွတ် မချင်း အစိုးရမှ ကျင်းပသည့် ရွေးကောက် ပွဲများ၌ မည်သည့် နည်းနှင့်မျှ ပါဝင် ယှဉ်ပြိုင်မည် မဟုတ် ကြောင်း ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့က ကြေညာ ချက်ထုတ် ပြောဆို လိုက်သည်။

အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်စဉ်ပေါ်ထွန်းရေးအတွက် လိုလားပြီး ကျောင်းသား ခေါင်းဆောင်များ အပါအ၀င် တိုင်းရင်းသား၊ သံဃာနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ခြင်း မရှိသေးသည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ဒီဇင်ဘာလ ၅ ရက်ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

“၈၈ မျိုးဆက် ကျောင်းသား လူငယ်များ အဖွဲ့” ကို ရှစ်လေးလုံး အရေးတော်ပုံ အတွင်း ပါဝင် ခဲ့သည့် ကျောင်းသား ခေါင်းဆောင် များဖြင့် ၂၀၀၅ ခုနှစ်က စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေး လှုပ်ရှားမှု များကြောင့် ၂၀၀၇ ခုနှစ်တွင် ကိုမင်းကိုနိုင်အပါအ၀င် ခေါင်းဆောင်အချို့ ဖမ်းဆီးခံခဲ့ရသည်။

အကျဉ်းထောင်ပြင်ပတွင် ကျန်ရစ်ခဲ့သူများမှာ မြေအောက်လှုပ်ရှားမှုပုံစံဖြင့်သာ လှုပ်ရှားနိုင်ခဲ့ပြီး အကျဉ်းထောင်များတွင် အဖွဲ့ဝင် ၂၆ ဦး ကျန်ရှိနေဆဲ ဖြစ်သည်။

သို့သော်လည်း ၈၈ မျိုးဆက်များအတွင်း တသီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲ ၀င်ရောက်မည်ဆိုပါက ကန့်ကွက်သွားမည် မဟုတ်သလို တစုံတရာ မှတ်ချက်ပေးခြင်းမျိုးကိုလည်း လုပ်ဆောင်သွားမည် မဟုတ်ဟု ထုတ်ပြန်ချက်မှ တဆင့် ပြောဆိုထားသည်။

၈၈ မျိုးဆက်အနေဖြင့် ရွေးကောက်ပွဲ ၀င်မည်မဟုတ်သော်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ရွေးကောက်ပွဲဝင်မည့်အပေါ် ထောက်ခံကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

NLD ၏ ဆုံးဖြတ်ချက်မှာ ဒီမိုကရေစီစနစ်အရ အများသဘောတူ ဆုံးဖြတ်ခြင်းဖြစ်ကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် အထွေထွေ သဟဇာတဖြစ်ရေးအတွက် အသင့်တော်ဆုံးလမ်းကြောင်းကို ရွေးချယ်ခြင်း ဖြစ်ပြီး ၎င်းတို့၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းများကို ၀ိုင်းဝန်း ကူညီ သွားမည်ဟု လည်း ပါရှိသည်။

ယခုလအစောပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ ခရီးစဉ်အတွင်း အကျဉ်းသားအားလုံး လွှတ်ပေးရန်အတွက် တိုက်တွန်းခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းကလည်း လွှတ်ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်ကမူ “နိုင်ငံရေးအကျဉ်းသားဆိုတာ သူ့အချိန်စေ့ရင် ထွက်သွားမှာပဲ” ဟု လွှတ်တော် ကိုယ်စားလှယ်များအား ပြောဆိုခဲ့သည်။

အစိုးရမှ ခင်းပေးသည့် ရွေးကောက်ပွဲလမ်းကြောင်းသို့ ၀င်ရန်အတွက်မူ ယခုချိန်ထိ ဆုံးဖြတ်ထားခြင်း မရှိသေးဘဲ အကျဉ်းထောင်တွင်း ကျခံနေရဆဲဖြစ်သည့် ရဲဘော်ရဲဘက်များ လွှတ်မြောက်လာမှသာလျှင် ထပ်မံညှိနှိုင်းဦးမည်ဟု ပြင်ပရှိ ၈၈ ကျောင်းသားအဖွဲ့က ဆုံးဖြတ် ထားသည်။

“ကျနော်တို့ ညီအစ်ကိုတွေ ထွက်လာတော့မှပဲ စဉ်းစားဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်တယ်ဗျ။ အခုက ကျနော်တို့ ညီအစ်ကိုတွေအားလုံး မဆုံကြ သေးဘူးပေါ့နော်။ ဒါတွေက အဖွဲ့ထဲက တဦးတယောက်တည်းနဲ့ ဆုံးဖြတ်လို့ ရတဲ့ကိစ္စ မဟုတ်ဘူး” ဟု ကိုစိုးထွန်းက ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ရှမ်းပြည်နယ် ကျိုင်းတုံထောင်ရှိ ကိုမင်းကိုနိုင်အား မကွေးတိုင်း သရက်ထောင်သို့ ပြောင်းရွှေ့ခြင်း အပါ အ၀င် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ၂၀၀၇ သံဃာ့ အရေးအခင်းခေါင်းဆောင် ရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေး အကျဉ်း သား အချို့အား ထောင်ပြောင်း ရွှေ့မှု များပြုလုပ်ခဲ့သည်။

No comments: