Tuesday, January 31, 2012

မီဒီယာအလုပ်ရုံဆွေးနွေးပွဲ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနအချို့ တက်ရောက်

အံ့ဘုန်းမြတ်

ဒီကနေ့ စတင် ကျင်းပ နေတဲ့ Media Development in Democratic Society လို့ အမည်ပေး ထားတဲ့ အစိုး ရသစ် လက်ထက် ပထမဆုံး ကျင်းပတဲ့ သတင်း မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲကို ပြည်ပ အခြေစိုက် မြန်မာ သတင်း ဌာန အချို့ တက်ရောက် ခဲ့ကြ ပါတယ်။

အာဆီယံ မီဒီယာ သတင်း အချက် အလက်နဲ့ ဆက်သွယ်ရေး စင်တာ (Asian Media Information and Communication Centre (AMIC) နဲ့ မြန်မာ နိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့(MWJA) တို့ ဦးဆောင် ကျင်းပတဲ့ ဒီ အလုပ်ရုံ ဆွေးနွေးပွဲမှာ ဘီဘီစီနဲ့ ဗွီအိုအေ သတင်း ဌာန တွေရဲ့ မြန်မာပိုင်း တွေက တာဝန် ရှိသူ တွေနဲ့ မဇ္ဈိမ သတင်း ဌာနတို့ တက်ရောက် ခဲ့ကြ တာပါ။

ဒါ့အပြင် အိမ်နီးချင်း နိုင်ငံ တွေက သတင်း မီဒီယာ သမားတွေနဲ့ တက္ကသိုလ် တွေက ပညာ ရှင်တွေ၊ အစိုးရ သစ်ရဲ့ သတင်း ထုတ်ပြန်ရေး အဖွဲ့ တွေက တာဝန် ရှိသူ တွေလည်း တက်ရောက် ခဲ့ပြီး စာတမ်း ၁၁ စောင်ကို ဖတ်ကြား ခဲ့ကြ ပါတယ်။

အဲ့ဒီထဲမှာ ဗွီအိုအေမြန်မာပိုင်းရဲ့ ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာနရဲ့ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဦး တင့် ဆွေတို့လည်း စာတမ်းတွေဖတ်ကြားခဲ့ပါတယ်။

ဒီစာတမ်းတွေနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်စီစဉ်နေတဲ့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကို (စက်မှု) က အခုလို ပြောပြပါတယ်။

“ဦးတင့်ဆွေကတော့ အရင်တုန်းက ပေါ်ခဲ့ဖူးတဲ့ ဥပဒေတွေနဲ့ ပြောင်းလဲလာတဲ့အပေါ်ပေါ့ သူပြောသွားတယ်။ အခုလက်ရှိ မီဒီယာ ဥပဒေ အပေါ်မှာ အသေးစိတ် ရှင်းတာမဟုတ်ဘူး။ ဘယ်လိုပုံစံ ပြောင်းလာတယ်။ ၁၉၆၂ လက်ထက်မှာဘယ်လို၊ ထောက်လှမ်းရေး လက်ထက် မှာ ဘယ်လိုပေါ့ဗျာ။ နောက်တခါ ၂၀၀၄ ခုနှစ်မှာ စည်းမျဉ်းစည်းကမ်းတွေ လုပ်လာတာ၊ အခုထက်ထိ နောက်ဆုံးအခု သူတို့မီဒီယာ ဥပ ဒေ တခုကို ဘယ်လောက်လုပ်နေတယ်ဆိုတာ ပြောသွားတာ။ ဦးသန်းလွင်ထွန်း စာတမ်းကတော့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ မီဒီ ယာတွေရဲ့ အခန်းကဏ္ဍဆိုပြီး သူဖတ်သွားတယ်။ နောက်တယောက်က ဦးဇေယျသူဖတ်တယ်။ ဖတ်ပြီးတော့ အဲဒီအားလုံးကို အားလုံး စည်း ဝေးပြီး စာတမ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်ပါတယ်။”

မနက်ဖြန်ပြုလုပ်မယ့် အလုပ်ရုံ ဆွေးနွေးပွဲမှာတော့ သတင်းမီဒီယာ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေ၊ မီဒီယာဥပဒေနဲ့ ပတ်သက်ပြီး ပါဝင် သင့် တာ၊ မပါဝင်သင့်တာမျိုးတွေနဲ့ မြန်မာနိုင်ငံမှာ သတင်းစာ​ သင်တန်းကျောင်းတွေ​ ​ပေါ်ပေါက်လာစေရေးအတွက်​ ​ဆွေးနွေးကြဖို့ ရှိနေ ပါတယ်။

အစိုးရသစ်လက်ထက်​ ​ပထမဆုံးအနေနဲ့​ ​ပြည်တွင်း ပြည်ပ မြန်မာ သတင်းမီဒီယာသမားတွေ တက်ရောက် ဆွေးနွေးခဲ့ကြတဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲအပေါ်ကိုလည်း ဦးကိုကို (စက်မှု)က အခုလိုပြောပါတယ်။

“ဒီနေ့ မီဒီယာဆွေးနွေးပွဲက အားလုံးစိတ်ပါဝင်စားစွာနဲ့ ၀ိုင်းဝန်းဆွေးနွေးကြတယ်။ အဲဒါလေးတခုကတော့ တော်တော် ၀မ်းသာ စရာ ကောင်းတယ်။ နောင်လာမယ့် အလုပ်ရုံ ဆွေးနွေးပွဲတွေမှာလည်း ဖြစ်နိုင်ရင် ကျနော်တို့ဘက်ကတော့ ပိုပြီးတော့ ကျနော်တို့နဲ့ ဝေးကွာ နေတဲ့ မိတ်ဆွေ၊ ညီအစ်ကိုတွေ၊ သတင်းစာသမားတွေ အားလုံးကို ရန်ကုန်မှာ စုံစုံညီညီနဲ့ ပြန်တွေ့ပြီး မီဒီယာလောက ဖွံ့ဖြိုး တိုးတက် အောင် အားလုံးဝိုင်းပြီး လက်တွဲ ဆောင်ရွက်ချင်ပါတယ်။”

လက်ရှိအခြေအနေမှတော့ ပြန်ကြားရေးဝန်ကြီးဌာနကနေ ပုံနှိပ်ထုတ်ဝေရေးဆိုင်ရာ ဥပဒေမူကြမ်းတခုကို ရေးဆွဲပြီးထားပြီး လွှတ်တော် ကိုတင်ပြ အတည်ပြုဖို့ ရှိနေပါတယ်။

အဲ့ဒီဥပဒေ မူကြမ်းထဲမှာတော့ စာပေစိစစ်ရေးဦးစီးဌာနကို ဖျက်သိမ်းပြီး စာနယ်ဇင်းကောင်စီအဖြစ် ပြင်ဆင်ဖွဲ့စည်းမယ်ဆိုတဲ့ အချက်တွေ ပါဝင်မှာဖြစ်ပါတယ်။

No comments: