Thursday, January 26, 2012

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်သွားမည်

ပီတာအောင်

မြန်မာ အစိုးရရဲ့ ဒီမို ကရေစီရေး ပြုပြင် ပြောင်းလဲမှု တွေကို ကုလ သမဂ္ဂ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း က ချီးကျူး လိုက်ပြီး သူ့အနေနဲ့ မြန်မာ နိုင်ငံကို မကြာခင် သွားရောက် လည်ပတ်ဖို့ စီစဉ် နေတယ်လို့  ပြောကြား လိုက်ပါ တယ်။

နယူးယောက်မြို့ ကုလ သမဂ္ဂ ဌာန ချုပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ဘန်ကီမွန်းက သတင်း ထောက်တွေ ကို ပြောကြား လိုက် တာဖြစ်ပြီး မြန်မာပြည် သွားမယ့် ရက်အတိ အကျ ကိုတော့ ပြောဆိုခြင်း မရှိ ပါဘူး။

အတွင်း ရေးမှူး ချုပ်က မကြာသေး ခင်လ တွေက နိုင်ငံရေး အကျဉ်း သားတွေ ပြန်လွှတ် ပေးမှု အပါအ၀င် မြန်မာ အာဏာပိုင် တွေရဲ့ ဆောင် ရွက်ချက် တွေကို အားတက် မိတဲ့အကြောင်း၊ မကြာ ခင်မှာ မြန်မာပြည် သွားရောက်ပြီး မြန်မာ ခေါင်းဆောင် တွေနဲ့ ဆွေးနွေးမှု တွေ ပြုလုပ် သွားမယ်လို့ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယသံမတ်ကြီးဟောင်း ဗီဂျေးနမ်ဘီယားကို သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် တရားဝင် ခန့်အပ် ကြောင်း လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြေညာခဲ့ပါတယ်။

မစ္စတာနမ်ဘီယားဟာ ပါကစ္စတန် တရုတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး ကု လသမဂ္ဂမှာ ၂၀၀၇ ခုနှစ်ကတည်းက ကုလသဂ္ဂ ရုံးအဖွဲ့ အရာရှိချုပ်အဖြစ် အမှုထမ်းနေတာပါ။

အခု ဒီတာဝန်ကနေ အနားယူပြီး မြန်မာပြည်ဆိုင်ရာ အထူးအကြံပေးအဖြစ် စတင်တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ်ကတော့ မစ္စတာနမ်ဘီယားဟာ ကုလသမဂ္ဂ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို မပျက်မကွက် အကြံပေး ကိုင်တွယ် ဖြေ ရှင်း နိုင်ခဲ့သူ ဖြစ်တယ်လို့လည်း ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

မစ္စတာ နန်ဘီယားဟာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြားဝင်ဆောင်ရွက်ပေးတဲ့ ရာဇာလီ အစ္စမေးလ်နဲ့ အီဘရာဟင် ဂန်ဘာရီတို့နောက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ဖူးပြီး ဒေါ်အောင် ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မစ္စတာ ဘန်ကီမွန်း အနေနဲ့ မြန်မာနိုင်ငံရေးကို လေးလေးနက်နက် စောင့်ကြည့်လေ့လာပြီး အချိန်ပြည့် တာဝန်ယူနိုင်မယ့် သူကို ခန့်အပ်ထားရင် မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို တိတိကျကျ သိမှာဖြစ်တဲ့အတွက် အကြံပေးပုဂ္ဂိုလ်တဦး အမြန် ဆုံး ခန့်အပ်ဖို့ သတင်း မီဒီယာတွေကနေ တိုက်တွန်းခဲ့ဖူးပါတယ်။

ကုလသမဂ္ဂအနေနဲ့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အဓိက အခန်းကဏ္ဍက ဆက်လက် ပါဝင် သွား မယ်လို့လည်း ပြောပါတယ်။

အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလက မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ဒဏ်ခံရပြီးနောက် ကယ်ဆယ် ရေး လုပ်ငန်းတွေ တွန်းအားပေး လုပ်ဆောင်ဖို့ ရည်ရွယ်ပြီး ပထမဆုံးအကြိမ် သွားရောက်ခဲ့ဖူးပါတယ်။

No comments: