နေမင်းသစ်
၂၀၁၂ ဒဂုံ ရွှေအောင်လံ မြန်မာ့ ရိုးရာ လက်ဝှေ့ ပြိုင်ပွဲနောက်ဆုံးနေ့ ပွဲစဉ် တွေကို ဇန်န ဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့ အမျိုးသား အားကစား ပြိုင်ပွဲရုံ ၁ မှာ ကျင်းပ ပြုပ်လုပ် ခဲ့ပြီး အောင်လံ ဆု အတွက် ဗိုလ်လုပွဲ ၄ ပွဲနဲ့ စိန်ခေါ်ပွဲ ၄ ပွဲ စုစုပေါင်း ပွဲစဉ် ၈ ပွဲ ပါဝင် ခဲ့ပါတယ်။
ဒဂုံရွှေအောင်လံ ဗိုလ်လုပွဲတွေ အကြောင်းမပြောခင် ပရိသတ်အကြိုက် တွေ့ခဲ့တဲ့ စိန်ခေါ်ပွဲစဉ်ကို ဦးစွာ တင်ပြလိုပါတယ်။ မြန်မာပြည် ချန်ပီယံဟောင်းတွေ ဖြစ်ကြတဲ့ သထုံရွှေဝါထွန်းနဲ့ ဝမ်ချိုင်း(မြဝတီ)တို့ရဲ့ ပွဲစဉ်ကို ပရိတ်သတ် စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပြီး စောင့်ကြည်ရကျိုး နပ်ခဲ့တဲ့ ပွဲစဉ် တပွဲ ဖြစ်ခဲ့ ပါတယ်။
မြန်မာပြည် ချန်ပီယံ အဖြစ် ၁၂ နှစ်တိုင် ရပ်တည် ခဲ့သူ ရွှေဝါ ထွန်းဟာ အသက် ၅၀ ကျော်ပြီ ဆိုပေမယ့် သူ့ရဲ့ လက်ဝှေ့ အရည် အသွေး မ ပျက်စီး သေးကြောင်း သက်သေပြ သွားနိုင် ခဲ့တယ်။ ရွှေဝါ ထွန်းရဲ့ ဘယ်ထောက် လက်သီး ထိုးချက်တွေ လှပ သေသပ်ဆဲ ဖြစ်သလို၊ ချုပ်ဒူး တိုက်ချက်၊ တံတောင်ရိုက် ချက်တွေ ကလည်း မြန်မာ့ ရိုးရာ လက်ဝှေ့ ဆိုတာ ဒါပါလားလို့ ငေးယူ ရလောက်အောင် ပညာသား ပါ လှပါ တယ်။ တချိန်က မြန်မာ့ ရိုးရာ လက်ဝှေ့ရဲ့ အကောင်း ဆုံးလူ ဖြစ်ခဲ့သူ ဝမ်ချိုင်း ကလည်း ငယ်မူ ငယ်သွေး ပြကာ ထိုးလုံး သတ် ကွက်ကောင်း အချို့ကို ပြသ နိုင်ခဲ့လို့ ၃ ချီ ယှဉ်ပြိုင်မှူ အပြီးမှာ သရေပွဲ အဖြစ် ပြီးဆုံး ခဲ့တာ ဖြစ်ပါ တယ်။
စိန်ခေါ်ပွဲစဉ်များ ယှဉ်ပြိုင်အပြီး ဒုတိယတန်း ဒဂုံရွှေအောင်လံ ဗိုလ်လုပွဲကို ဆက်လက် ကျင်းပရာမှာ တောင်ကလေးကလပ်ရဲ့ လက်ဝှေ့သ မား ရွှေသိန်းအောင်က သပြေညို(ဘိလပ်မြေစက်ရုံ)ကို အမှတ်ပြတ်နဲ့ အနိုင်ရသွားပါတယ်။ သပြေညိုရဲ့ ညာဝိုက်လက်သီးကြောင့် ဒုတိယ အချီမှာ ရွှေသိန်းအောင် အမှတ်စဉ် ရေတွက်ခံခဲ့ရပေမယ့် ကျန်အချီတွေမှာ လက်စဇဇွမ်းပြနိုင်ခဲ့လို့ ဒုတိယတန်းအောင်လံရှင် အဖြစ် ထိုက်ထိုက် တန်တန် ဗိုလ်စွဲသွားတာ ဖြစ်ပါတယ်။
အထူးဒဂုံရွှေအောင်လံဗိုလ်လုပွဲ ဒီခေါင်းစဉ်အောက်မှာ ယှဉ်ပြိုင်ခဲ့ကြသူတွေက ဝင်းထွန်း(မြန်မာ)နဲ့ မာဆွတ်(အီရန်)တို့ဖြစ်ပါတယ်။ မာ ဆွတ်ဟာ ထိုင်းဘုရင့်ဖလား မွေထိုင်းပြိုင်ပွဲရဲ့ ချန်ပီယံတဦးလို့ သိရပြီး ပြီးခဲ့တဲ့နိုဝင်ဘာ ၄ ရက်နေ့က မန္တလေးမြို့မှာ စိုးလင်းဦးကို အသာစီးကနေ ယှဉ်ပြိုင်နိုင်ခဲ့လို့ ပရိတ်သတ် စိတ်ဝင်စားခံရတဲ့ လက်ဝှေ့သမား ဖြစ်ပါတယ်။
ဒါပေမယ့် မာဆွတ်နဲ့ ဝင်းထွန်းတို့ရဲ့ ပွဲစဉ်ဟာ မျှော်လင့်သလို ပွဲကောင်းတပွဲ မဖြစ်ခဲ့ပါဘူး။ ပြိုင်ထိုး ဆိုင်ထိုးတာမျိုး မရှိခဲ့ဘဲ ချိန်ဆနေတာနဲ့ပဲ အချိန်ကုန်နေလို့ ကြိုးဝိုင်းဒိုင်ဟာ လက်ဝှေ့သမား ၂ ဦးလုံးကို အချိန်ဆွဲ မနေဘဲ ထိုးဖို့ သတိပေးမှူတွေ ပြုလုပ်ခဲ့ရပါတယ်။ စတုတ္ထ အချီမှာ နှစ်ဦးလုံးထွေး လဲကျရာမှာ ဝင်းထွန်းရဲ့ တံတောင်နဲ့ ထိမိပြီး မာဆွတ် နှာခေါင်းရိုးကျိုးသွားလို့ ဆေးရှုံးအဖြစ် အရှုံးပေးလိုက်ရပါတယ်။
ပထမတန်း ဒဂုံရွှေအောင်လံ ဗိုလ်လုပွဲမှာတော့ ရုရှားလက်ဝှေ့သမား ဆာရီကော့ဗ်ကို မြန်မာလက်ဝှေ့သမား ရန်နိုင်အောင် မယှဉ်နိုင်အောင်ဖြစ်ခဲ့ပြီး မြန်မာ့လက်ဝှေ့ သိက္ခာ ကျရတဲ့ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ဆာရီကော့ဗ်က လက်သီးတွဲလုံးတွေ၊ ဒူးတိုက်ချက်၊ တံတောင်ရိုက် ချက်တွေနဲ့ ရန်နိုင်အောင်ကို အထိနာစေခဲ့ပြီး အမှတ်နဲ့ ဆုံးဖြတ်ရာမှာ ဒိုင် ၅ ဦးလုံးရဲ့ အနိုင်ပေးမှုကို ရရှိပြီး ပထမတန်း ဒဂုံအောင်လံဆု ကို ရယူသွားတာ ဖြစ်ပါတယ်။
အလွတ်တန်း ဒဂုံရွှေအောင်လံ ဗိုလ်လုပွဲ ၂၀၀၉ မှာ စတင်ကျင်းပခဲ့တဲ့ ဒဂုံရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ စောငမန်းဟာ ၃ ကြိမ်ဆက် ဗိုလ်စွဲထားသူ ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာလည်း ချန်ပီယံဘွဲကို ဆက်ထိန်းနိုင်ခဲ့လို့ ၄ ထပ်ကွမ်း ချန်ပီယံ ဖြစ်လာပါတယ်။ ဒါပေမယ့် မက်ဆီဒိုးနီးယား လက်ဝှေ့သမား
ဒါဗစ်နဲ့ ယှဉ်ပြိုင်ရာမှာ စောငမန်းက အမှတ်ပြတ်နဲ့ အမှန်တကယ် အနိုင်ရသင့်သလား ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။
စောငမန်းရဲ့ လက်သီးတွဲလုံးအချို့ ဒါဗစ်ကို ထိခဲ့ပြီး လူချင်းအပူးမှာ စောငမန်းရဲ့ ခေါင်းဆတ်မှုတွေကလည်း ထိရောက်မှုရှိခဲ့ပါတယ်။ ဒါပေ မယ့် ဒါဗစ်ရဲ့ညာဝိုက်ကြောင် စောငမန်း ဘယ်မျက်လုံး ပိတ်လုဖြစ်ခဲ့တာ၊ လူချင်း ပူးသွားတိုင်း ဒါဗစ်ကသာ ကိုင်ပေါက်နိုင်ခဲ့တာတွေကြောင့် စောငမန်း အသာရတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် အမှတ်ပေးဒိုင် ၅ ဦးလုံးက စောငမန်း အနိုင်အဖြစ် ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီပွဲကို လာရောက်ကြည့်ရှုခဲ့တဲ့ မြန်မာလက်ဝှေ့ ဝါသနာရှင်တဦးကတော့ “စောငမန်း ကို အားလုံးက အနိုင်ပေးခဲ့တာ အံ့ဩစရာပါ။ မြန်မာ လက်ဝှေ့မှာ ဖမ်းချုပ်ကိုင်ပေါက်တဲ့ သတ်ကွက်ကို ထိရောက်တဲ့ သတ်ကွက်အဖြစ် အမှတ်ပေးပါတယ်။ ဒါဗစ်က ငမန်းကို ၃ ကြိမ်လောက် ကိုင်ပေါက်ခဲ့တာ အားလုံး အသိပါ။ မြန်မာလက်ဝှေ့သမားတွေဟာ ဒီဒဂုံရွှေအောင်လံပြိုင်ပွဲမှာ လက်စွမ်းအရ နိုင်ငံခြားသားတွေကို အသာ မရခဲ့တာ သိသာပြီး မြန်မာ အမှတ်ပေးဒိုင်တွေရဲ့ ဆုံးဖြတ်မှုကလည်း ဂုဏ်သ္ခိကာအရ အရှုံးပြခဲ့တယ်လို့ ဆိုရမှာပါ”လို့ ဖွင့်ဟသွားပါတယ်။
No comments:
Post a Comment