နန်းမြနဒီ
၂၀၁၀ ရွေးကောက်ပွဲဝင်တဲ့ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပြီး ဖျက်သိမ်းခံထားရတဲ့ မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ဟာ တပါ တီ တည်း ပေါင်းစည်းကြဖို့ ဒီလ ၂၃ ရက်နေ့မှာ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။
မော်လမြိုင်မြို့မှာ ဒီလ ၂၃ ရက်နေ့မှာ ပါတီနှစ်ခုက ဖွဲ့စည်းထားတဲ့ ပါတီပေါင်းစည်းရေး ကော်မရှင်နှစ်ဖွဲ့လုံးကို ခေါ်ပြီး သံဃာတော်တွေက ဝင်ရောက် ဖြေရှင်းပေးတယ်လို့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ပြောခွင့်ရ ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။
“သံဃာတော်တွေက ကြားကနေ ဒိုင်လုပ်ပြီးတော့ ဝင်ရောက် ဖြေရှင်းပေးတယ်။ တပါတီတည်း ပေါင်းရမယ်၊ အချိန်မဆွဲဘဲ အမြန်ဆုံးပေါင်းရမယ်။ ကြားနာမည်တခုပြောင်းပြီး ပေါင်းရမယ်” ဆိုပြီး ဝင်ရောက် ဖြေရှင်းပေးတယ်လို့ ဆိုပါတယ်။
ပူးပေါင်းဖို့ ညှိနှိုးရာမှာ မြင်တွေ့ရတဲ့ အနေအထားကို ဒေါက်တာမင်းစိုးလင်းက ခုလို ပြောပါတယ်။
“အဓိကတော့ ကြားနာမည်တခု ပေါင်းစည်းရေးက သူတို့ဘက်က ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် ဆရာတော်တွေက ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ကြားနာမည်ကိုယူတယ်။ သူတို့ဘက်က ကြားနာမည်ကို ဆုံးဖြတ်ပိုင်ခွင့် မရှိတဲ့အတွက်ကြောင့် စီအီးစီ အစည်းအဝေးမှာ ပြန်ပြီးတော့ အဆုံးအဖြတ် ပြန်ယူမယ်။”
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပါတီနှစ်ခု ပူးပေါင်းမှာ ဖြစ်တယ်။ ပါတီမပေါင်းသေးခင် ကာလမှာလည်း ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
“နာမည် အခက်အခဲဆိုတာ နာမည်အသစ် ရွေးကြရအောင်ဆိုတော့ နာမည်ခက်ခဲတာပါ။ ဆွေးနွေးတုန်းပဲ။ တွေ့ဆုံဆွေးနွေးကြ အတူတကွလုပ်ကြ။ ဒါကတော့ နာမည်ကတော့ အရေးမကြီးဘူးလေ။ ပူးပေါင်းဖို့ပဲ အရေးကြီးတယ်။ အကောင်းဆုံးဖြစ်အောင် ဆွေးနွေးနေကြတယ်။”
လွန်ခဲ့တဲ့ရက်ပိုင်းက မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ ကျင်းပတဲ့ မွန်အမျိုးသားရေးရာ အဖွဲ့ချုပ်ညီလာခံမှာ မွန်ပါတီနှစ်ခုကို တပါတီ တည်းဖြစ်အောင် ပူးပေါင်းဖို့ တိုက်တွန်းခဲ့ပါတယ်။
ဖျက်သိမ်းခံထားရတဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ပြည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာ ၅ နေရာရပေမယ့် ဖျက်သိမ်းခံခဲ့ရပါတယ်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
ပါတီနှစ်ခု ပူးပေါင်းဖို့ အတွက် သူတို့ပါတီက မနှစ် ဒီဇင်ဘာ ၂၇ ရက် နေ့စွဲနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ကမ်းလှမ်းခဲ့တယ်လို့ ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။
No comments:
Post a Comment