Tuesday, January 31, 2012

တောင်ကုတ်ဈေး မီးလောင် ဆိုင်ခန်း ၁၀ ခန်း နီးပါး မီးထဲပါ

နိရဉ္စရာ


ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မြို့မ ဈေးကြီး အပြင်ဘက်တွင် ဇန္န၀ါရီလ ၃၀ ရက်နေ့ နေ့လည်ပိုင်းက မီးလောင်မှု တစ်ခု ဖြစ်ပွားရာ ဆိုင်ခန်း ၁၀ ခန်း နီးပါး မီးလောင် ကျွမ်းသွားကြောင်း သတင်းရရှိသည်။

" မီးလောင်တာက မွန်းလွဲ ၁ နာရီကျော်မှာ စလောင်ပါတယ်။ မီးသတ်ကားရောက်တာ နောက်ကျတဲ့အတွက် ဈေးဆိုင်ခန်း ၁၀ ခန်း နီးပါး မီးထဲ ပါသွားတယ်။ မီးသတ်ကား နှစ်စီးရောက်လာတော့လဲ တစီးမှာရေမပါဘူး။ အဲ ဒါကြောင့် အချိန်မီ မီးကိုမငြိမ်သတ်နိုင်ဘူး " ဟု ဒေသခံ တစ်ဦးက ပြောသည်။

တစ်ခြား ဒေသခံ လူငယ် တစ်ဦးကလည်း " မီးလောင်တာက စက်လှေငယ်လေးတွေ ကပ်တဲ့ မော်တော် ဆိပ်အနီးမှာ ဖြစ်ပါတယ်။ ဒါ ကြောင့် ကမ်းခြေမှာရှိတဲ့ သဲဆိပ်က သဲလေးကျင်း သယ်ယူပြီး ပက်လိုက်မှ မီးဟာ ညနေ ၂ နာရီကျော်မှ ငြိမ်သက်သွား တယ် " ဟု ပြော သည်။

မီးထဲပါသွားသည့် အဆောင်များမှာ စားကုန်ဆိုင်၊ ဆီဆိုင်၊ ဘိနပ်ဆိုင်၊ ကားကူရှင် အပ်ချူပ်ဆိုင်တို့ ဖြစ်ကြသည်။ အဆိုပါ ဆိုင်ခန်းများမှာ မြို့မဈေး အနောက်ဘက်တွင် တည်ရှိကြောင်း သိရသည်။

" မီးစလောင်တာက ဆီဆိုင်က စလောင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဘယ်နေရာကစ လောင်တယ်ဆိုတာ အသေး စိတ်မ သိရ သေး ဘူး။ အဲဒီ ဆိုင်ရှင် ဦးကြွင်းရဲ့ သား အသက် ၂၀ကျော်အရွယ်ရှိတဲ့ လူငယ် တစ်ဦးကိုတော့ ခြေထောက် မီးလောင်သွားလို့ ဆေးရုံ တင် ထား ရတယ် လို့သိရပါတယ် " ဟု ၎င်းလူငယ်က ပြောသည်။

ဈေးမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှု ပမာဏမှာ ကျပ်သိန်း ၈၀၀ ခန့် ရှိနိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုနေကြသည်ဟု သိရ သည်။

ဇန္န၀ါရီလ ၂၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရခိုင် ကျေးရွာ တရွာဖြစ်သည့် ဇီးတုံး ကျေးရွာတွင် မီး လောင်မှုတခု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၆ ဆောင် မီးထဲ ပါသွားခဲ့သည်။

၂၀၁၁ခုနှစ် နိုဝင်ဘာမှ ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ အထိ ရခိုင်ပြည်နယ်တွင် မီးလောင်မူကြီး (၈) ကြိမ် ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၁ ရမ်းဗြဲ ကျောက်နီမော်၊ နိုဝင်ဘာ ၁၂ မင်းပြား ဈေးကြီး၊ နိုဝင်ဘာ ၁၇ နေ့က မြောက်ဦး၊ နိုဝင်ဘာ ၁၈ မောင်တော တမန်း သား၊ နိုဝင်္ဘာလ ၁၉ ရက်နေ့က မြေပုံ စိတ္တရ ကျေးရွာ၊ ၂၀၁၂ခုနှစ် ယခုလ ဇန်န၀ါရီ ၁၄ မောင်တောမြို့နယ်မှ ဈေးကောက်ပင်ရင်းရွာ၊ ဇန္န၀ါရီလ ၂၆ ရက်နေ့က ဘူးသီးတောင်မြို့နယ် ဇီးတုံးနှင့် ဇန္န၀ါရီ ၃၀ ရက်နေ့က တောင်ကုတ်ဈေး ပြင်ဘက် မီးတို့ ဖြစ်သည်။

No comments: