Friday, January 27, 2012

ဗိုလ်ကြီးဟောင်းနေမျိုးဇင် လက်ကျန်အမှု အမိန့်ချတော့မည်

အေး​နိုင်

အင်းစိန် မြို့နယ် တရား ရုံးမှာ ဗိုလ်ကြီး ဟောင်း နေမျိုးဇင်ရဲ့ လက်ကျန် အမှုကို ဒီကနေ့ ရုံးထုတ်ပြီး လာမယ့် ​ဖေ​ဖော်​ဝါ​ရီ​ ၁ ရက် နေ့မှာ အမိန့် ချဖို့ ဆုံးဖြတ် လိုက်တယ်လို့ ရုံးချိန်း တက်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါ တယ်။

“ကျနော် ရုံးချိန်း ၃ ချိန်း ထွက်ခဲ့ ပြီးပြီ။ ဒီကနေ့ ကတော့ ​ရှေ့နေ လျှောက်လဲဖို့​ ​ရှေ့နေ မလာဘူး။ ဒါပေမယ့်​ ​လျှောက်လဲချက် စာတမ်း တင်ပြီး ပြီ။ အခု လာမယ့် ၁ ရက် နေ့မှာ အမိန့် ချမယ်။ ဒီလောက်ထိ​ ​ကြပ်ကြပ် မတ်မတ်​ လုပ်တယ်။ ရဲတွေရော၊ တရား လိုပြ သက်သေ တွေရော၊ အက်စ်ဘီ တွေရော သူတို့​ မဖြစ် မနေ​ ​ခေါ်ပြီးတော့​ ​ကြီးကြီး ကျယ်ကျယ်ကြီး လုပ်တယ် ဆိုတော့ ချတော့ ချမယ် ထင်တယ်ဗျ။”

ကိုနေမျိုး ဇင်ကို အကျဉ်းထောင် တွင်းရှိ စဉ်က ဗိုလ်ချုပ် အောင်ဆန်း ပုံပါ တီရှပ်နဲ့ ဒေါ်အောင်ဆန်း စုကြည် ပုံပါ သော့ချိတ်တွေ သွင်းယူ တဲ့အပေါ် ထောင်တွင်းကို ကန့်သတ် တားမြစ် ပစ္စည်း သွင်းဖို့ ကြိုးပမ်း တယ်ဆိုပြီး အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ (၄၂) နဲ့ စွဲဆို ထား တာပါ။

ဒီပစ္စည်းတွေဟာ မနှစ်က ဩဂုတ်လ ၂၃ ရက်နေ့က ထောင်ပြင်ဆေးရုံမှာ ခါးနာဝေဒနာ ပြသတုန်းက မိတ်ဆွေတွေ ပေးလိုက်တာဖြစ်ပြီး လူနာတင်တဲ့ကားပေါ် ပါလာတဲ့ ထောင်ဝန်ထမ်းတွေ ရှေ့မှာပဲ ယူတာပါလို့ ကိုနေမျိုးဇင်က ပြောပါတယ်။

အဲဒီတုန်းက ဘာမှမဖြစ်ခဲ့ဘဲ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တဲ့နေ့မှာ သက်ဆိုင်ရာက ပုဒ်မအသစ်တပ်ပြီး အာမခံပေး လွှတ်ပေးလိုက်တာပါ။

ကိုနေမျိုးဇင်ဟာ အခုလ ၁၃ ရက်နေ့က သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်က ပြန်လွတ်လာပေမယ့် အဲဒီအမှုအတွက် ထောင်ပြင်မှာ ရုံးထုတ်ပြီး အာမခံနဲ့ အပြင်မှာ နေနေတာပါ။

ကိုနေမျိုးဇင်ရဲ့ ရှေ့နေက ဒီပစ္စည်းတွေဟာ တားမြစ်ပစ္စည်းထဲမှာ မပါတာကြောင့် သူ့အမှုသည်ဟာ အပြစ်မရှိဘူးလို့ တရားရုံးမှာ ကြိုတင် လျှောက်လဲချက် ပေးခဲ့ပါတယ်။

ဒီအမှုမှာ ပြစ်မှုကျူးလွန်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ် ခြောက်လနဲ့ ဒဏ်ငွေဆောင်ရဖို့ ရှိပါတယ်။

ကိုနေမျိုးဇင် ကတော့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်း စုကြည် ပုံဟာ တားမြစ် ပစ္စည်း မဟုတ် တာကြောင့် ဒဏ်ငွေတောင် မဆောင် နိုင်ဘူးလို့ ဆိုပါတယ်။

No comments: