Friday, January 27, 2012

လက်မှတ် ရေးထိုး ရုံဖြင့် ယုံကြည်မှု တည်ဆောက် နိုင်ခြင်း မဟုတ် RCSS ပြောခွင့် ရက ပြော

သျှမ်းသံတော်ဆင့်


လက်မှတ် ရေးထိုး ရုံဖြင့် ယုံကြည်မှု တည်ဆောက် နိုင်ခြင်း မဟုတ် လက်တွေ့ အကောင် အထည် ဖော်မှသာ ယုံကြည်နိုင် ကြောင်း သျှမ်းပြည် တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

“ ကျနော်တို့အခု ၂ ဦး ၂ ဖက် ယုံကြည်မှုတည်ဆောက်နေတာ တိုးတက်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် စာချုပ်ထဲ မှာ လက်မှတ် ထိုးလိုက်ရုံနဲ့ ရာနှုန်းပြည့်တယ်လို့ မဆိုနိုင်ဘူး။ လက်တွေ့အကောင်အထည်ဖော်ရဦးမှာပါ” ဟု ဗိုလ်မှူး လောဝ်ဆိုင်က သျှမ်းသံတော် ဆင့် အားပြောပြသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရကိုယ်စားလှယ်တို့ ယခုလ ၁၆ ရက် တောင်ကြီး၌ တွေ့ဆုံဆွေးနွေး ရာတွင် သ ဘောတူ ညီချက် ၁၁ ချက်ကိုလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါအချက် ၁၁ ချက်အား ၁- ဟိုမိန်းနှင့် မိုင်းထား(မုန်းထား) ၌ သျှမ်း ပြည်တပ်မတော်ဌာနချုပ်ထားရှိရန်၊ ၂- နယ်စပ်ဂိတ်များလုံခြုံရေးအတွက် အစိုးရ နှင့် ပူးပေါင်း တာဝန်ယူရန်၊ ၃- မူးယစ် ဆေးဝါး ပူး ပေါင်း တိုက်ဖျက်ရန် ဟူသည့် အချက် ၃ ချက်မြင်ရကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

“ ကျနော်တို့အခုခရီးစဉ်က ရင်းနှီးမှု ခရီးစဉ်ဘဲရှိပါသေးတယ်။ ဘာလုပ်ငန်းမှ အကောင်အထည်ဖော်ဖို့ မရှိသေးပါဘူး” ဟု လည်း ပြော သည်။

ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအပြီး သျှမ်းပြည်တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ၂ ဖွဲ့ခွဲကာ ဗိုလ်မှူးချုပ်စိုင်းလူး၊ ဗိုလ်မှူးကြီး စိုင်းအောင် မောင်း နှင့် စိုင်းဟန်တို့ အဖွဲ့မှာ သျှမ်းပြည်မြောက်ပိုင်း သို့လည်းကောင်း၊ ဗိုလ်မှူးချုပ်စိုင်းလူးနှင့် ဒု-ဗိုလ်မှူးချုပ်ပေါင်ခေးတို့ဦးဆောင် သောအဖွဲ့က ရန်ကုန်၊ မန္တလေးသို့လည်းကောင်း ခရီးထွက်ကာ သျှမ်းမိသားစု၊ လူမှုအသိုင်းအဝိုင်းတို့နှင့် တွေ့ဆုံခွင့် ရခဲ့ကြောင်း သိရ သည်။

“ ကျနော်တို့ရဲ့ ၁၀ ရက်ကြာ လေ့လာရေးခရီးစဉ်မှာ ကျနော်တို့အတွက် တန်ဖိုးရှိတဲ့ခရီးစဉ်ဖြစ်ပါတယ်။ ကျနော်တို့ လိုချင်တဲ့ အချက် အ လက်တချို့ကိုလဲ ရခဲ့ပါတယ်။ နောက်ပြီးဒေသခံလူထုတွေ၊ ရန်ကုန်ရောက် သျှမ်းမိသားစုတွေနဲ့ နွေးနွေးထွေးထွေး တွေ့ဆုံခွင့်ရခဲ့တယ်” ဟု ဗိုလ်မှူးလောင်ဆိုင်က ဆိုပါသည်။

၁၉၈၉-၂၀၀၅ အထိ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ သျှမ်းပြည်တပ်မတော် မြောက်ပိုင်း(အပစ်ရပ်) SSA-N ၊ စဝ် ကဏ်းယွက်ဦးဆောင်သော သျှမ်းပြည်တပ်မတော် SSNA တို့ပူးပေါင်း၍ SSJAC (Shan State Joint Action Committee) ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ယခုလဲ SNLD ၊ SNDP၊ RCSS/SSA ၊ SSPP/SSA တို့ ပူးပေါင်းနိုင်ခြင်း ရှိမရှိကိုမူ အခြေအနေ စောင့်ကြည့် ရဦးမည်ဖြစ် ကြောင်း သျှမ်းပြည်နိုင်ငံရေးစောင့်ကြည့်လေ့လာ သည့်ပုဂ္ဂိုလ်တဦး ကပြောသည်။

ပြည်ထောင်စု အဆင့် ဆွေးနွေးမှု ခရီးစဉ် နှင့်ပတ်သက်၍ RCSS/SSA အဖွဲ့၏ ဆွေးနွေးရေးကိုယ်စားလှယ်များက လွယ်တိုင်း လျဲန်း ဌာနချုပ်၌ ပြန်လည်ချပြကာ လာမည့်ဆွေးနွေးပွဲ၌ ဆက်လက်ဆွေးနွေးမည့်အချက်များအား နှစ်ရက်ဆက် တိုက်ဆွေးနွေးနေကြောင်း ကြားသိရပါသည်။

No comments: