နေသွင်
ဆွစ်ဇာလန် နိုင်ငံမှာ ဒါဗို့စ် မြို့မှာ ကျင်းပ နေတဲ့ ကမ္ဘာ့ စီးပွားရေး ညီလာခံ အတွက် ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းမှာ ဒေါ်အောင်ဆန်း စုကြည်က မြန်မာ ပြည်မှာ ကျင့်ဝတ် ထိန်းသိမ်းတဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ ဝင်ရောက် လာမယ့် အခြေ အနေတွေ ဖန်တီးဖို့ ဆန္ဒရှိ တယ်လို့ ပြောကြား လိုက်ပါ တယ်။
စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုဟာ နိုင်ငံ တကာ ငွေကြေး ဆိုင်ရာ အဖွဲ့ အစည်း တွေက ဖော်ပြ နေတဲ့ ကိန်းဂဏန်း တွေလောက်နဲ့ မလုံလောက်ဘဲ တရား ဥပဒေ စိုးမိုးမှု ရှိဖို့လည်း လိုအပ် တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါ တယ်။
“စီးပွားရေး တိုးတက်မှု ဆိုတာ နိုင်ငံ တကာ ငွေကြေး ဆိုင်ရာ အဖွဲ့အစည်း တွေက ဖော်ပြတဲ့ ကိန်းဂဏန်း တွေအပေါ် မှာပဲ မှီခိုနေတာ မဟုတ် ပါဘူး။ တရား စီရင်ရေး စနစ် ပြုပြင် ပြောင်းလဲမှု၊ ဥပဒေ ပြုမှု ကဏ္ဍမှာ ပြုပြင် ပြောင်းလဲမှု တွေနဲ့ အားဖြည့် ပေးဖို့ လိုအပ် ပါ တယ်။ ဒါမှ စိတ်ချ ရတဲ့ အခြေအနေ ရှိပြီး ဥပဒေ တွေလည်း မျှမျှ တတနှင့် အပြည့် အဝ သက်ရောက် နိုင်မှာ ဖြစ်ပါ တယ်။ မြန်မာ ပြည်ကို ကျင့်ဝတ် စောင့်ထိန်းပြီး တီထွင် ဆန်းသစ် မှုကို အားပေးတဲ့ ရင်းနှီး မြှုပ်နှံ မှုတွေ ဝင်ရောက် လာဖို့ နိုင်ငံရေး အရ၊ လူမှုရေး အရ၊ သဘာဝ ပတ်ဝန်းကျင်မျိုးကို ဖန်တီးဖို့ ကျမတို့မှာ ဆန္ဒ ရှိပါတယ်။”
ပြီးခဲ့တဲ့နှစ်ကလည်း အလားတူ ဒါဗို့စ် ကမ္ဘာ့စီးပွားရေး ထိပ်သီးညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒီနှစ် မြန်မာပြည် အခြေအနေဟာ မနှစ်ကထက် တိုးတက်မှုတွေ ရှိနေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“မနှစ်တုန်းက မြန်မာပြည်မှာ နိုင်ငံရေးတည်ငြိမ်မှု၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးမှုတွေ လိုအပ်တဲ့ အကြောင်း ပြော ခဲ့ပါတယ်။ ဒါတွေရှိမှ စစ်မှန်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ လူသားဖွံ့ဖြိုးမှု၊ စီးပွားရေးတိုးတက်မှုတွေ ရရှိနိုင်မယ်လို့ ပြောခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒကလည်း ပိုပြီး လုံခြုံပြီး ပျော်ရွှင်စရာကောင်းတဲ့ ကမ္ဘာကြီးဖြစ်လာဖို့ ကိုယ်တတ်နိုင်တဲ့အပိုင်းက ဝိုင်းဝန်းလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ တနှစ်ကြာတဲ့ အချိန်မှာ ကျမအနေနဲ့ ပြောနိုင်တာက ကျမတို့ အဲဒီ စိန်ခေါ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ရှေ့ကို ခရီးဆက်နိုင်ခဲ့ပါပြီ။ ကြီးမားတဲ့ အပြောင်းအလဲ အခြေအနေကို မရောက်သေးပေမယ့် အဲဒီအခြေအနေကို တက်လှမ်းနိုင်ဖို့ ရှားရှားပါးပါး၊ အဖိုးတန်တဲ့ အခွင့်အလမ်းတွေ ရှိနေပါပြီ။”
ဒီနှစ် ညီလာခံကို နိုင်ငံပေါင်း ၄၀ ဝန်းကျင်က နိုင်ငံခေါင်းဆောင်တွေနဲ့ ကမ္ဘာ့စီးပွားရေး ကုမ္ပဏီကြီးတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ၁,၆၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး မြန်မာ အစိုးရကိုယ်စား စက်မှုဝန်ကြီး ဦးစိုးသိန်းက တက်ရောက်ပါတယ်။
စီးပွားရေးညီလာခံကို ပေးပို့တဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲအတွက် အလုပ်များနေတဲ့အတွက် ဒီနှစ်မှာ မတက်ရောက်နိုင်ပေမယ့် တချိန်မှာ တက်ရောက်နိုင်ဖို့ မျှော်လင့်တယ်လို့ ထည့်ပြောသွားပါတယ်။
No comments:
Post a Comment