Friday, January 27, 2012

ကရင်နီရွာသားများကို အစိုးရတပ် ပစ်ခတ်

ပါးရယ်

ကရင်နီပြည် ဖရူဆိုမြို့နယ် ထျေးဘျားညေကျေးရွာမှ ရွာသားတစုကို အစိုးရတပ်ကနေပြီး ဇန်န၀ါရီလ ၁၅ ရက်နေ့ညက ပစ်ခတ် ခဲ့သည့် အတွက် ရွာသားတဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

ထျေးဘျားညေကျေးရွာမှ ရွာသားတစုသည် အိမ်ဆောက်ရန်အတွက် ၎င်းတို့ ကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့် ဝေးသော တောတွင်း တ နေရာတွင် သစ်များ သွားရောက်ခုတ်ယူနေစဉ်တွင် အစိုးရတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၅၀ မှ ပစ်ခတ်ခဲ့သည့်အတွက် အသက် ၃၅ နှစ် အရွယ် လူရယ်မှာ သေဆုံးပြီး ကျန်ရွာသား ၃ ဦးမှာ ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု ဖရူဆိုမြို့နယ်မှ ဒေသခံတဦးက ပြောသည်။

“စစ်ကြောင်းက သူတို့ (ရွာသား)ကို တော်လှန်ရေး အဖွဲ့ ထင်ပြီး သူတို့ နေတဲ့ တောထဲကို လာပြီး ချောင်းကြတယ်တဲ့။ သူတို့ကလည်း တောကောင် ထင်ပြီး တယောက်က သေနတ် (တိုမီးသေနတ်)နဲ့ ဓါတ်မီးကို ကိုင်ပြီး သွားကြည့်တယ်တဲ့။ ဒီလိုနဲ့ စစ်ကြောင်း အဖွဲ့က အဲ လူကို သေနတ်နဲ့ ပစ်လိုက်တယ် ပြောတယ်။ သေနတ်သံ ထွက်တာနဲ့ ကျန်တဲ့ ၃ ယောက်ကလည်း ထွက်ပြေးကြတယ်ပေါ့။ ဒဏ်ရာတွေ ရကြတယ်” ဟု ၎င်းက ပြောသည်။

အစိုးရ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ရွာသား ၄ ဦးစလုံးကို ထိမှန်သွားပြီး ဒဏ်ရာဒဏ်ချက်ဖြင့် တယောက်တပေါက်စီ ထွက်ပြေးခဲ့ကြရာ လူရယ် ဆိုသူမှာ ဒဏ်ရာပြင်းထန်သည့်အတွက် တောတွင်း တနေရာတွင် သေဆုံးသွားသည်ဟု ဆိုသည်။

“ပစ်သတ်ခံရတဲ့ ရွာသားတဦးက သူ့အဖော်တွေနဲ့ တောထဲမှာ သစ်ပင်ကြီး တပင် ခုတ်လှဲပြီး သစ်ဆွဲနေကြတယ်တဲ့။ ဗမာစစ်သားတွေက အဲဒီရွာသားတွေကို သူပုန် (ကရင်နီတပ်မတော်)လို့ ယူဆပြီး အနီးသို့ ချဉ်းကပ်လာပြီး ပစ်တာတဲ့” ဟု ဒဏ်ရာရသော ရွာသားများနှင့် နီး စပ်သော ဒေသခံတဦးက ပြောသည်။

ဇန်န၀ါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ကရင်နီတပ်မတော်မှ တပ်ဖွဲ့ တဖွဲ့က ဗိုလ်လွင်ဦး ဦးဆောင်တဲ့ ခလရ ၂၅၀ စစ်ကြောင်း ကို ဖရူဆိုမြို့နယ် ထျေးဘျားညေနှင့် ဒေါလောခူကျေးရွာ အကြားတွင် ချုံခိုတိုက်ခိုက်ခဲ့သည့်အတွက် အစိုးရ စစ်တပ် တဦး သေဆုံး ခဲ့ သည်။

၁၅ ရက်နေ့ညတွင် အစိုးရတပ်က ကရင်နီတပ်ကို လိုက်လံရှာဖွေရင်း ရွားသားတစုကို တောတွင်း၌ တွေ့သည့်အတွက် ပစ်ခတ်ခဲ့ခြင်း ဖြစ် သည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)၏ သတင်းနှင့် ပြန်ကြားရေး အဖွဲ့မှ ခူဒယ်နီယာက ပြောသည်။

“တိုက်ပွဲ ဖြစ်တော့ နောက်တရက် သူတို့ ဆက်လိုက်တယ်ပေါ့။ သူတို့ လိုက်ရှာဖွေတော့ အဲဒီရွာသားတွေက သူ့ဟာသူ အလုပ်လုပ်နေတဲ့ ရွာသားတွေကို သွားပစ်တယ်။ အဲဒီတိုက်ပွဲထဲမှာက တိုက်ပွဲ ဖြစ်တဲ့ အချိန်မှာက သူ့ဖက်က တယောက် ကျဆုံးသွားတယ်။ အဲဒါ သူတို့ စိတ်တိုတိုနဲ့ ထင်တယ် သူတို့ လိုက်ရှာတုန်း ရွာသားကို တွေ့တာနဲ့ သူတို့ ပစ်တယ်” ဟု ၎င်းက ပြောသည်။

ထျေးဘျားညေ ရွာသားတဦးကို အစိုးရ စစ်တပ် ပစ်သတ်မှုနှင့် ပတ်သက်၍ ကျေးရွာသူကြီးက ဖရူဆိုမြို့ အစိုးရ စစ်တပ် ရုံးသို့ တိုင်ကြား ထားသော်လည်း စစ်တပ်ဘက်က မှားယွင်းပစ်ခတ်မိသည်ဟု ပြန်လည်တုန့်ပြန်ခဲ့ကြောင်း ဆိုသည်။

“အဲဒီ သေသွားတဲ့ အကြောင်းနဲ့ ရွာသူကြီးက သွားပြန်တိုင်တယ်။ သွားပြောပြတော့ ဒါက တောကောင် တခုခုနဲ့ မှားပြီးမှ သူတို့ (စစ်တပ်) ပစ်လိုက်တာပေါ့နော့်။ နောက်ရွာသားက သူတို့ကို ပြောတယ်ပေါ့နော့်။ ဒါက သက်သက် ပစ်တာပဲပေါ့။ သွားတိုင်တော့ သူတို့ (စစ်တပ်)က မဟုတ်ပါဘူးတဲ့” ဟု ခူဒယ်နီယာက ဆက်ပြောသည်။

ခလရ ၂၅၀ သည် လွိုင်ကော်မြို့နယ် မြေနီကုန်းတွင် တပ်စွဲထားသော တပ်ရင်း ဖြစ်သည်။

No comments: