အေးနိုင်
ရွှေဝါရောင်တော်လှန် ရေးမှာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ ရပြီး အခုလ ၁၃ ရက် နေ့မှာ ပြန်လွတ် လာကြတဲ့ သံဃာ ငါးပါးကို ပိတ်ထားတဲ့ ကျောင်းတွေမှာ ဝင်ရောက် သီတင်း သုံးတဲ့ အပေါ် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က တရားစွဲ ဆိုတဲ့ ကိစ္စကို နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့က ကြားဝင် ဖြေရှင်းပေးလိုက်တဲ့ အတွက် တရား စွဲဆို မှုကို ပြန်လည် ရုပ်သိမ်းသွား ပါတယ်။
သံဃာ ငါးပါး ကတော့ မဂ္ဂင် ကျောင်းမှာ သီတင်း သုံးတဲ့ သံဃာ တပ်ပေါင်းစု ခေါင်းဆောင် အရှင် ဂမ္ဘီရနဲ့ ဂျောင်းဂျောင်းလို့ လူသိ များတဲ့ ဦးဣဿရိယ၊ မင်္ဂလာ တောင်ညွန့်မြို့နယ် ရွှေတောင် ကျောင်းမှာ သီတင်း သုံးတဲ့ ဆရာတော် ဦးပဏ္ဍဝံသ၊ ခြောက်ထပ်ကြီး သာသနာ့ဂုဏ်ရည် ကျောင်းက ဦးဝိသုဒ္ဓ၊ သံလျင်ဗောဓိကျောင်း ဆရာတော် ဦးပညာသီဟ တို့ ဖြစ်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေးအပြီး ချိတ်ပိတ်တဲ့ ဘုန်းကြီးကျောင်းတွေကို ထောင်ကနေ လွတ်မြောက်လာတဲ့ သံဃာတွေက ကိုယ့်ကျောင်း ကိုယ်ပြန်သီတင်းသုံးတာကို တရားစွဲဖို့လုပ်တာပါ။
ဒါကြောင့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်တွေက အဲဒီ့ သံဃာတွေကို နိုင်ငံတော်သံဃမဟာနာယကရုံးကို ဒီကနေ့ ခေါ်ယူမေးမြန်း ဩဝါဒ ပေးတဲ့အတွက် ပြေလည်ခဲ့ပါတယ်။
ဒီကနေ့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်တွေထံကို ကြွခဲ့တဲ့ ဦးပဏ္ဍဝံသက အစိုးရက တရားစွဲတာ ပြန်ရုပ်သိမ်းတဲ့အပြင် ကျောင်း ဖွင့်ပွဲကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဦးစီးကျင်းပပေးမယ် ဆိုတာကိုပါ သဘောတူညီချက်ရခဲ့တယ်လို့ ခုလို မိန့်ကြားပါတယ်။
“နိုင်ငံတော်ဗဟို သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးကိုယ်တိုင်က ပါတယ်။ မင်းတို့ဒီလိုလုပ်ရမှာ မဟုတ်ဘူး။ အခုပဲ လွတ်တယ်။ အခုပဲ ထောင်ထဲပြန်ထည့်တယ် ဆိုရင် တိုင်းပြည် သိက္ခာကျတယ်။ သံဃာတော်တွေကိစ္စ ငါတို့ သံဃမဟာနာယက က တာဝန်ယူ ဖြေရှင်းပေးမယ်ဆိုပြီးတော့ ဦးဇင်းတို့ကို ခေါ်မေးတယ်။ ဆုံးမဩဝါဒပေးတယ်။ နောက်ပြီးတော့ လိုအပ်တာတွေကို ဆောင်ရွက်ပေးတယ်။ ဦးဇင်းတို့လည်း အဲဒါတွေကို သေချာနားထောင်ပြီးတော့ ကိုယ်မေးစရာရှိတာတွေကို မေးတယ်။ မေးပြီးတော့မှ နှစ်ဖက်သဘောတူ၊ မဟာ သံဃ မဟာ နာယက က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာနေထိုင် ကျင့်သုံးပါမယ်ဆိုပြီး ဒီကျောင်းတွေကို ဦးဇင်းတို့လက်ထဲတွေကို တရားဝင်ပြန်ချပေးမယ်ဆိုတာကို သူတို့ဆီက ကတိရခဲ့တယ်။ အဲ့လို သဘောတူညီပြီး ပြန်လာတာပဲ။ ”
ခေါ်ယူခံရတဲ့ သံဃာငါးပါးအနက် အရှင်ဂမ္ဘီရ၊ အရှင်ဦးဣဿရိယနဲ့
ဦးဝိသုဒ္ဒတို့က ခရီးလွန်နေတဲ့အတွက် ဒီကနေ့ ဦးပဏ္ဍဝံသနဲ့ ဦးပညာစာရ ၂ ပါးပဲ သွားရောက် ဩဝါဒခံယူပါတယ်။
နိုင်ငံတော် သံဃမဟာနာယကရဲ့ ခုလို ဆောင်ရွက်ချက်အပေါ် ဝမ်းမြောက်မိတယ်လို့ ဦးပဏ္ဍဝံသက မိန့်ကြားသွားပါတယ်။
“ဦးဇင်းတို့ လိုချင်တာက အဲဒါပဲလေ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ပျောက်သွားတဲ့ သံဃနာယက အဖွဲ့အစည်းက သံဃာဘက်က ရပ် တည်မှု မရှိဘဲနဲ့ နှစ်ပေါင်း ၂၀ လောက် ငုတ်နေပြီးတော့ အစိုးရဘက်မှာပဲ ဖြစ်နေတာကိုး။ အခုတော့ အဲဒီလို မဟုတ်ဘဲနဲ့ ပြည်သူတွေ ဘက် ကရော၊ သံဃာတော်တွေဘက်ကရော မားမားမတ်မတ် ရပ်တည်တဲ့ အနေအထားလေးပေါ့နော်။ အစလေး တွေ့တဲ့အခါကျတော့ နည်းနည်း ဝမ်းသာတာပေါ့။ ကျေလည်းကျေနပ်တာပေါ့နော်။ ဒီထက်မက အကုန်လုံး အစအဆုံး ဒီ အခြေခံ သံဃစည်းမျဉ်း စည်းကမ်းတွေအတိုင်း ဆရာတော်ကြီးတွေကနေပြီးတော့ ရှေ့ကနေ မားမားမတ်မတ် ဓမ္မစက်က ရှေ့သွား၊ အာဏာစက်က နောက်ကလိုက် ပုံစံကို မားမားမတ်မတ် ရပ်တည်ပေးမယ် ဆိုရင်တော့ ခြွင်းချက်မရှိ အလွန်ပဲ ရာခိုင်နှုန်းပြည့် ဝမ်းသာရမှာပဲ။”
မကြာခင်မှာပဲ ဒီကိစ္စကို နိုင်ငံတော်သံဃမဟာနာယက က အများပြည်သူသိအောင် စာထုတ်မယ်လို့ ဆရာတော်က မိန့်သွားပါတယ်။
No comments:
Post a Comment