Thursday, January 26, 2012

အပစ်ခတ်ရပ်စဲရေးအတွက် အစိုးရနှင့် ကေအဲန်ပီပီတို့ လာမည့် ဖေဖေါ်ဝါရီလအတွင်း ဆွေးနွေးမည်

နှောင်းလှိုင်


ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (ကေအဲန်ပီပီ) ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် သမ္မတ ဦးသိန်းစိန် အစိုး ရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ တို့သည် အပစ် အခတ် ရပ်စဲ ရေးနှင့် ပါတ်သက်၍ လာမည့် ဖေဖော်ဝါရီလ အစော ပိုင်းတွင် တရားဝင် တွေ့ဆုံ ဆွေး နွေးမည်ဟု ကေအဲန်ပီပီက ပြောသည်။

“ဒီ(လာမယ့် ဖေဖော် ၀ါရီလ အစောပိုင်း) ပဏာမ တွေ့ဆုံ ပွဲမှာ အရင် (နိုဝင်ဘာလ ၁၉ ရက်နေ့)က သူတို့ တင်ပြထားတဲ့ အချက် ၄ ချက် အပေါ်မှာပဲ မှီပြီးတော့ သေချာ ပြေလည်ညှိနှိုင်းဆောင်ရွက်နိုင်မယ့် ကိစ္စမျိုးတွေကိုပဲ အဓိကထား ဆွေးနွေးဖို့ များပါတယ်” ဟု ကေအဲန် ပီပီမှ အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောသည်။

ယင်းတွေ့ဆုံမှုတွင် ကေအဲန်ပီပီ ငြိမ်းချမ်းရေးကော်မီတီနှင့် အစိုးရ ကိုယ်စားလှယ် ဖြစ်သည့် မီးရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း တို့ အဖွဲ့နှင့် တွေ့ဆုံကြမည် ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး ကိစ္စကို တရားဝင် တွေ့ဆုံဆွေးနွေးနိုင်ရန် လိုအပ်သော ပြင်ဆင် မှု များ ပြုလုပ်နေသည်။

ယခုလို ပဏာမအဆင့် တွေ့ဆုံမှုသည် နှစ်ဖက် ကိုယ်စားလှယ်များ အနေနှင့် နောက်ဆက်တွဲ တွေ့ဆုံဆွေးမှုများ ဆက်လက်ဖြစ် ပေါ်နိုင် ရန်အတွက် နားလည်မှုနှင့် ယုံကြည်မှုများ တည်ဆောက်နိုင်ရန် အဆင့် ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ကေအဲန်ပီပီ ငြိမ်းချမ်းရေး ကော်မီတီဝင်များနှင့် နယ်စပ်အခြေစိုက် ကရင်နီ လူမှုအသင်းအဖွဲ့ အ သီး သီးက ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ပါတ်သက်သော ရှင်းလင်းမှုနှင့် အမြင်သဘောထားများကို အလွတ် သ ဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

“ပြည်တွင်းက သာမန် ရွာသားတွေဆိုရင် ကျနော်တို့ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်လို့ ရရင် ရပါပြီ ဆိုတဲ့ဟာမျိုးတွေတော့ လွယ်လွယ်လေးနဲ့ ပြောတာလေ။ ဒါပေမယ့် ကျနော်တို့ ရေရှည် ပြသာနာကို ကုစားပေးနိုင်တဲ့ နည်းလမ်းကို လိုချင်တယ်။ ကဗျာကယာ လုပ်တဲ့ ပုံစံမျိုးတော့ ကျနော် မသွားစေချင်ဘူး” ဟု ဆွေးနွေးပွဲကို တက်ရောက်ခဲ့သော ကရင်နီ ဖွံ့ဖြိုးရေး သုတေသန အဖွဲ့မှ ပြောရေး ဆို ခွင့်ရှိသူ ခူတော်ရယ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကေအဲန်ပီပီ ငြိမ်းချမ်းရေး ကော်မီတီ အဖွဲ့ဝင်များ ဖြစ်သော ကာကွယ်ရေး စစ်ဦး စီး ချုပ် ဗိုလ်ချုပ်ဘီထူး၊ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် ခူဖဲဘူးတို့နှင့် မြန်မာအစိုးရမှ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် အလွတ်သဘော ပဏာမအဆင့် အနေနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။

ကေအဲန်ပီပီနှင့် စစ်အစိုးရတို့ အကြားတွင် အပစ်အခတ် ရပ်စဲရေးနှင့် ပါတ်သက်၍ န၀တ၊ နအဖ စစ်အစိုးရတို့ တာဝန်ယူခဲ့စဉ် ကာလများ က တွေ့ဆုံဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသော်လည်း မည်သည့် သဘောတူညီမှုမှ မရရှိခဲ့ပါ။

No comments: