Friday, January 27, 2012

ချင်းပြည်နယ် အစာရေစာ ခေါင်းပါးမှု ပြည်နယ် ၀န်ကြီးချုပ် ကွင်းဆင်း လေ့လာမည်

KHONUMTHUNG NEWS

ချင်းပြည်နယ် မတူပီမြို့နယ်၊ ပလက်ဝ မြို့နယ် အထူးသဖြင့် မရာ ဒေသအတွင်း အစာရေစာ ခေါင်းပါး မှုအား ချင်းပြည်နယ် ၀န်ကြီးချုပ် နှင့် ၀န်ကြီးများက ကွင်းဆင်းလေ့လာမည်ဟု သိရသည်။

ဝန်ကြီးချုပ် နှင့်အတူ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးငွန်ဆန်းအောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးအုန်းလွင်၊ ဦး ကျော်ငြိမ်း၊ ဦး နိန်နိုင်း နှင့် အီးအဲန်ဒီပီပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦး ဗန်ကျင်တို့ ပါဝင်ကြမည်ဖြစ်သည် ဟု သိရသည်။

“ နေပြည်တော်ကနေ အဲဒီ အစာရေစာငတ်မွတ်မှု သတင်းကို ကြားတော့ ချင်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင် ကွင်းဆင်း လေ့လာဖို့ အ ကြောင်းကြားတာဖြစ်တယ်” ဟု ဟားခါးမှ အစိုးရ ၀န်ထမ်း တဦးက ပြောသည်။

သတင်းများအရ မတူပီမြို့နယ် နှင့် ပလက်ဝမြို့နယ် အတွင်း အနည်းဆုံး ရွာပေါင်း ၃၀ သည် အစာရေစာ ခေါင်းပါးမှု ကြုံတွေ့နေကြ သည်ဟု သတင်းများအရ သိရသည်။

ဝန်ကြီးချုပ် နှင့် အဖွဲ့သည် ဖေဖော်ဝါရီလအတွင်း မတူပီမြို့နယ် လိုင်လင်းပီ တိုက်နယ်ဆေးရုံ ကိုလည်း တပါတည်း ဖွင့်လှစ် သွားမည် ဖြစ် ပြီး တပါတည်း ဒေသအတွင်း ကိုယ်ထူကိုယ်ထ ကားလမ်း ဖောက်မှုများ ကိုလည်း ကြည့်ရှုလေ့လာကြမည်ဖြစ်သည်။

အဆိုပါ ဆေးရုံသည် တပ်မတော်အစိုးရလက်ထက်က မီးလောင်ပျက်စီးသွားခဲ့သော်လည်း ပြန်လည် မွမ်းမံမှု မပြုခဲ့ကြ ကြောင်း လက်ရှိ အစိုးရ လက်ထက်မှာ ပြန်လည် မွမ်းမံဖွင့်လှစ်ကြမည်ဖြစ်ကြောင်း ပြောကြသည်။

ဝန်ကြီးများသည် ရခိုင်ပြည်နယ် စစ်တွေမှ တဆင့် ပလက်ဝ မြို့နယ်ကနေ သော်လည်းကောင်း၊ မကွေးတိုင်း ပခုက္ကူ မှ တဆင့် မင်းတပ်၊ မတူပီဖက်ကနေသော်လည်းကောင်း၊ ဟားခါးမှ ရေဇွာ ဖက်ကနေ သော် လည်းကောင်း လမ်းကြောင်း သုံး ကြောင်းဖြင့် ၀င်ရောက်ကြ မည်ဖြစ်သည်။

No comments: