Thursday, June 14, 2012

နှစ်သိန်းတန်ဖုန်းကို ကျေးသီးမှာ ဝန်ထမ်းများက ဈေးတင်ရောင်း

ကော့လီ

ရှမ်းပြည် နယ် တောင်ပိုင်း ကျေးသီးမန်စံမြို့နယ် မှာ နှစ်သိန်းတန် စီဒီ အမ်အေ ၄၅၀ မီဂါဟာ့ဇ် မိုဘိုင်း တယ်လီဖုန်းများကို ဇွန်လ ၁၁ ရက်နေ့က စပြီး အများပြည်သူထံ ရောင်းချနေရာ ဝန်ထမ်းများက နှစ်သိန်းထက် ပိုမို တောင်းခံနေတယ်လို့ သတင်းရရှိပါတယ်။

အစိုးရက ချပေးတဲ့ တရားဝင်ဈေးကတော့ နှစ်သိန်းပဲ။ ဒါပေမယ့် ၁၁ ရက် နေ့ စစချင်းထုတ်ပေးတော့ အစိုးရဝန်ထမ်းတွေက နှစ်သိန်း သုံးသောင်း တောင်းတယ်။ လူတွေက ကျနော့်ကို လာပြောတယ်။ ကျနော်ကလည်း ဖုန်းရောင်းပေးတဲ့ ဝန်ထမ်းတွေကို သွားမေးတယ်။ အပို သုံးသောင်းက ဘာအတွက်တောင်းတာလဲပေါ့။ အဲဒါနဲ့ သူတို့က နောက်ပိုင်းမှာ နှစ်သောင်း လျှော့ပေးတယ်၊ တစ်သောင်း ကတော့ သူတို့ရုံးလည်ပတ်မှု စရိတ် အ တွက် ရန်ပုံငွေလို့ ပြောပြီး ယူထားလိုက်ပါတယ် လို့ ကျေးသီး မန်စံ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ် စား လှယ် စိုင်းအွမ် ဆိုင်မိန်း က ကော့လီ ကို ပြောပြ ပါတယ်။

နှစ်သိန်းတန်ဖုန်းတွေကို မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း တင်ပြ နိုင်သူ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်တယ် ဆိုပေမယ့် ကျေးသီး မန်စံ မြို့နယ် အတွက် အလုံးရေ ၃၀၀ ပဲ ချပေးတာမို့လို့ ကျေးသီးမန်စံ မြို့ပေါ်က တတ်နိုင်သူများက ၁၀-၁၅ လုံး ယူထားကြတယ်လို့ သိရပါတယ်။ ကျေးသီး မန်စံ မြို့နယ်ထဲပါဝင်တဲ့ မိုင်းနောင် မြို့နယ်ခွဲ၊ မိုင်းနန်း ကျေးရွာအုပ်စုတွေကဆိုရင် တစ်လုံးမှ မရလိုက်ဘူးလို့ သိရပါတယ်။

နောက်ဆုံး သိရတဲ့ သတင်းအရ ဖုန်းအများအပြား ဝယ်ယူထားသူတွေက ၃ သိန်းခွဲနဲ့ တဆင့် ပြန်လည်ရောင်းချနေကြကြောင်းလည်း ကျေး သီး မြို့ခံ တစ်ဦးက ပြောပါတယ်။

အစိုးရရဲ့ တန်ဖိုးနည်းဖုန်း အစီအစဉ်အရ ဂျီအက်စ်အမ် ဖုန်းများကို မြန်မာ တစ်နိုင်ငံလုံး ဧပြီလဆန်းပိုင်းက စတင်ချပေးပေမယ့် စီဒီအမ်အေ ၄၅၀ မီဂါဟာ့ဇ် ဖုန်းများကိုတော့ အခုမှ စတင် ချပေးတာ ဖြစ်ပါတယ်။

စီဒီအမ်အေ ၄၅၀ မီဂါဟာ့ဇ်ဖုန်းများဟာ တာဝါတိုင်ရဲ့ ဆယ်မိုင်ပတ်လည် အတွင်းမှာ ဟန်းဆက်နဲ့ အသုံးပြုနိုင်ပြီး ဆယ်မိုင်ထက် ဝေး ရင်တော့ အင်တီနာထောင်ပြီး အထိုင်ဖုန်း အနေနဲ့ အသုံးပြုနိုင်တာမို့လို့ ရှမ်းပြည်နယ်မှာ အသုံးများတဲ့ ဖုန်းအမျိုးအစားဖြစ်ပါတယ်။

ယခင်က စီဒီအမ်အေ ၄၅၀ မီဂါဟာ့ဇ်ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရှမ်းပြည်နယ် အတွင်းမှာ ၁၅ သိန်းတန်၊ ၅ သိန်းတန် များ အဖြစ်လည်း ထုတ်ရောင်း ချခဲ့ဖူး ပါတယ်။

No comments: