Tuesday, June 19, 2012

မတည်ငြိမ်မူကြောင့် ရခိုင် လယ်ယာ လုပ်ငန်းကို ထိခိုက်နိုင်

နိရဉ္စရာ

စိုက်ပျိုးရေးကို အဓိက အခြေခံသော ရခိုင်ပြည်နယ်တွင် ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်နေသော ကြောင့် လယ်ထွန်ယက်ရန် အချိန် ကျ နေပြီ ဖြစ်သော်လည်း လယ်သမားများ အနေဖြင့် လယ်ယာလုပ်ငန်းကို စတင် လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သတင်း ရရှိ သည်။

“ အခုက လယ်ထွန်ရမယ့် အချိန်ရောက်နေပါပြီ။ မိုးလည်း ရွာနေပြီ။ ဒါပေမယ့် အခုအချိန်ထိ လယ် မထွန်ရသေးဘူး။ ကျွန်တော်တို့ ဒေသက ရာသီကို လိုက်ပြီ လယ်ယာထွန်ယက် စိုက်ပျိုးရတဲ့ အတွက် အခု အချိန်မှာ လယ်မထွန် ရဘူး ဆိုရင် အချိန် အများကြီး နောက်ကျ သွားနိုင် ပါ တယ်။ လယ်သမားတွေလည်း အခက်အခဲ ဖြစ်ပေါ်နိုင်ပါတယ်” ဟု ပေါက် တောမြို့နယ် ငခူရှည်ကျေးရွာက လယ်သမား တစ်ဦးက ပြော သည်။

ငခူရှည် ကျေးရွာတွင် လယ်သမားများအား လယ်မထွန်ရန် အုပ်ချုပ်ရေးမှူးက ပိတ်ပင် တားမြစ် ထားသဖြင့် လယ်သမားများ လယ်မ လုပ်ရဘဲ ရှိနေကြသည်ဟု သူက ပြောသည်။

“ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်းက လယ်သမားတွေကို အခြေအနေ မတည်ငြိမ်သေး တဲ့ လယ်ထွန်ခွင့် မပြုဘူး။ ရပ်ရွာထဲမှာဘဲ ကာကွယ်ရေး အတွက် နေထိုင်ဖို့ ပြောထားတယ်။ ကျွန်တော်တို့ ဒေသမှာ ဘာမှ စိုးရိမ်စရာ မရှိပေမယ့် လယ်ထွန်ဖို့ ခွင့်မပြုတဲ့ အတွက် လယ်ယာထွန်ယက် စိုက်ပျိုးဖို့ လယ်သမားတွေ အခက်ကြုံနေကြရပါတယ်” ဟု သူက ဆက်ပြောသည်။

လယ်ထွန်ခွင့်ကို ပိတ်ပင်တားမြစ်ထားသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လယ်သမားများ အကြားတွင် စိတ်ဝမ်း ကွဲပြားမူများ ပေါ် ပေါက် နေ သည်ဟု သူက ပြောသည်။

တစ်ခြား မြို့နယ် တစ်ချို့တွင်လည်း ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်နေသဖြင့် လယ်ယာ လုပ်ငန်းကို စတင် လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ် နေကြောင်း သိရသည်။

“ ကျွန်တော်တို့ ဒေသမှာတော့ ရွာနီးစပ်ကလေးတွေမှာ ရှိတဲ့ လယ်တွေကို ထွန်ယှက် နေကြတာ တော့ ရှိတယ်။ ဝေးလံတဲ့ လယ်တွေကို သွား လုပ်ဖို့ကျတော့ အခြေအနေ မတည်ငြိမ်ရင် မဖြစ်နိုင်ဘူး။ ဒါကြောင့် အများစု လယ်သမား တွေက အခြေအနေ တည်ငြိမ်ဖို့ စောင့်နေကြပါ တယ်” ဟု ရသေ့တောင်မြို့နယ် သိမ်တောင်က လယ်သမား တစ်ဦးက ပြော သည်။

ရခိုင်ပြည်နယ်တွင် ပြည်သူ ၉၀ ရာခိုင်နုန်းကျော်မှာ လယ်ယာ လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းကြပြီး ယခုပေါ်ပေါက်နေသော ဆူပူ အ ကြမ်းဖက်မူများကြောင့် လယ်ယာ စိုက်ပျိုးရေးကို မစတင်နိုင်ဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။ သို့အတွက် တည်ငြိမ် အေးချမ်းရေးကို ပြည် သူများက အထူး လိုလားနေကြသည်ဟု သိရသည်။

No comments: