Saturday, June 9, 2012

အာဏာပိုင်များ ထိန်းသိမ်းမှု နှောင့်နှေး၍ မောင်တော ပဋိပက္ခ ကြီးမားခဲ့ဟု RNDP ဝေဖန်

ဟင်္သာနီ (မွန်မြေ)

သောကြာနေ့ နေ့လည် တနာရီခန့်မှ စတင်၍ မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် အစ္စလာမ် ဘာသာဝင်များ၏ ဆူပူမှုများအား ကိုင်တွယ် ထိန်း သိမ်းရန် အာဏာပိုင်များမှ စီစဉ်ဆောင်ရွက်မှု နှောင့်နှေး ကြန့်ကြာခဲ့၍ ပဋိပက္ခ ကြီးမားခဲ့သည်ဟု ရခိုင် တိုင်းရင်းသားများ တိုးတက် ရေးပါတီ RNDP မှ ဝေဖန်လိုက်သည်။

“သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်မှု တော်တော် နောက်ကျတယ်။ အဲဒီ မငြိမ်သက်မှုက နေ့လည် ၁ နာရီ ကတည်းက စဖြစ်တာ။ ညနေ ၄ နာရီထိ လုံခြုံရေး ချ ထားပေးခြင်း၊ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးတာကို ကျနော်တို့ တွေ့ရတယ်။ ရခိုင်ပြည်သူတွေရဲ့ အသက်အိုး အိမ် စည်းစိမ်တွေလည်း စိုးရိမ် ထိတ်လန့် နေရတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု RNDP အတွင်းရေးမှူး ဦးခိုင်ကြည်စိုးက ပြော သည်။

အစ္စလာမ် ဘာသာဝင် ၁,ဝဝဝ ခန့်က ဘုန်းကြီးကျောင်းများ၊ နေအိမ်များ၊ ဈေးဆိုင်များအား ခဲများဖြင့် ပေါက်ခြင်း၊ လိုက်လံ ဖျက်ဆီး မီးရှို့ခြင်း များ ကျူးလွန်ခဲ့ကြသည်ဟု ဦးခိုင်ကြည်စိုး က ဆိုသည်။

ထိုအခြေအနေအား ထိန်းသိမ်းနိုင်ရန်အတွက် ကနဦး၌ လုံခြုံရေး ရဲအင်အား ၂ဝဝ ခန့်ဖြင့် ထိန်းသိမ်း နိုင်ရန် စီစဉ် ခဲ့ကြသည်။ ထိုအရေ အ တွက်ဖြင့် မလုံလောက်၍ နောက်ပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ်မှ စစ်တပ် တပ်ရင်း ၂ ရင်း ချထားရန် အမိန့်ပေးလိုက်ကြောင်း သိရှိရသည်။ သို့သော် လုံခြုံရေး အဖွဲ့ဝင်များအတွက် တာဝန်ထမ်းဆောင် သွားလာမှု အဆင်ပြေစေရန် သက်ဆိုင်ရာမှ ကားများ စီစဉ်ပေး ထား ခြင်း မရှိဘဲ ခြေ လျင်ဖြင့်သာ သွားလာလှုပ်ရှားနေကြရသည်။

“အခု နောက်ဆုံး ဖြစ်နေတဲ့ အခြေအနေတွေကတော့ ကြိုကြား ကြိုကြား မီးလောင်မှုတွေ ဖြစ်ပွားနေတယ်။ ရခိုင်တွေလည်း အိမ်ထဲက အိမ် ပြင်ကို မထွက်ရဲကြဘူး။ ကျီးလန့်စာစား ဖြစ်နေတယ်။ မောင်တောမှာ ရှိတဲ့ ဗဟိုဘုန်းကြီးကျောင်း မှာလည်း ရခိုင်လူမျိုးပေါင်း ၂ဝဝ လောက် အိုးအိမ်များအား စွန့်ခွာကာ ရှောင်တိမ်း နေထိုင်ကြလျက် ရှိပါတယ်” ဟု ဦးခိုင်ကြည်စိုးက ည ၈ နာရီခန့်တွင် မဇ္ဈိမက မေးမြန်းစဉ် ပြော ပြ သည်။

ဆူပူမှုကြောင့် ကမ္ဘောဇဘဏ်၊ သဇင် တည်းခိုခန်းတို့ မီးရှို့ဖျက်ဆီးခံရပြီး ဆုံးရှုံးမှု ပမာဏကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ထို့အတူ ဗိုလ်မှူးရွာ၊ အောင်ဗလရွာနှင့် အခြားရွာ တရွာတို့၌လည်း အိမ်ထောင် စုအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အပျက်အစီးကို အတည်မပြု နိုင်သေးပေ။ ထိုနေ ရာများသို့ လူအများ မသွားလာရဲဘဲ ရှိနေသည်။

အဆိုပါ အဓိကရုဏ်းကြောင့် သေဆုံးမှုများရှိနေပြီး ဒဏ်ရာရှိသူ လေးဦး မောင်တော ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူနေရကြောင်း ဦးခိုင် ကြည်စိုးက ပြောသော်လည်း သီးခြားအတည်ပြုချက် မရရှိ သေးပေ။

မောင်တောမြို့အခြေအနေမှာ စိုးရိမ်စရာ အနေအထား၌ ရှိနေကာ အစ္စလာမ် ဘာသာဝင်များနှင့် ရခိုင် လူမျိုးများကြားတွင် မကျေနပ်မှုများ ဆက်လက် ကြီးထွား နေလျက်ရှိသည်။

အစ္စလာမ်ဘာသာဝင်များ အများစုနေထိုင်ကြသည့် မောင်တောနှင့် ဘူးသီးတောင် မြို့များတွင် အုပ်ချုပ်ရေးမှူးများက ပုဒ်မ ၁၄၄ ညမထွက် ရနှင့် ၅ ဦးနှင့် ၅ ဦးထက် လူမစုဝေးရ အမိန့်များ ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။

မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ်တွင် ရခိုင်အမျိုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရရာမှ စတင်ခဲ့ သည့် လူမျိုးရေး တင်းမာမှုများမှာ ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့၌ ခရီးသွား အစ္စလာမ်ဘာသာဝင် ၁ဝ ဦးအား ဒေသခံများက သတ်ဖြတ်မှုထိ ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့တွင်လည်း ဇွန်လ ၅ ရက်နေ့က အစ္စလာမ်ဘာသာဝင်များ ဆန္ဒပြမှုဖြစ်ပွားခဲ့သေးသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ထိုသတ်ဖြတ်မှုများနှင့်ပတ်သက်၍ တရားဥပဒေအရ စုံစမ်းဖော်ထုတ် အရေးယူရန် စုံစမ်းရေး ကော်မရှင် တရပ်ကို ပြည်ထဲ ရေး ဒု-ဝန်ကြီး ဦးဆောင်၍ ဇွန်လ ၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော်လည်း ဇွန်လ ၈ ရက်နေ့တွင် ယခုကဲ့သို့ မောင်တောမြို့တွင် ဆူပူမှုများ ဖြစ်ပွားလာ ရပြန်ခြင်းဖြစ်သည်။

No comments: