Thursday, November 8, 2012

ဆိုင်ခန်းခ လျှော့ချရေး မူစယ်မြို့ ဆိုင်ခန်းငှားများ ပြည်နယ်ဝန် ကြီးချုပ်ထံ စာတင်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ အမှတ် ၂ ဈေး ၊ ဆိုင်ခန်းခများ တိုးမြှင့်ကောက်ခံလိုက်သည့် အပေါ် ဆိုင်ခန်းငှားရမ်း သူများက အ ခန်းခ လျှော့ပေါ့ရေးအတွက် သျှမ်းပြည်နယ် ၀န်ကြီးချုပ်ထံ အသနားခံစာ တစ်စောင်ကို ယခုလ ၂ ရက်နေ့က ပေးပို့ထားကြောင်း သိရ သည်။

နှင်းနှင်းခိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင် ဆိုင်ခန်းများဖြစ်ပြီး စုစုပေါင်း ဆိုင်ခန်း ၂၀၀ ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။

၎င်းကုမ္ပဏီမှ ဆိုင်ခန်းတစ်ခန်းလျှင် အမျိုးအစားအလိုက် တစ်လ တရုတ်ငွေယွမ် ရ၀၀ နှင့် ၆၀၀ စီ အသီးသီးကောက်ခံနေရာမှ အောက် တို ဘာလကုန်မှစ၍ ယွမ် ၂၀၀ စီ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

အခန်းခတိုးမြှင့်လိုက်သည့် အပေါ် ငှားရမ်းသူများက သက်ဆိုင်ရာ မူစယ်ခရိုင်အုပ်ချုပ်ရေးရုံးသို့ စာရေးတင်ပြထားသော် လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ပြည်နယ်ဝန်ကြီးချုပ်ထံ ထပ်မံတင်ပြရခြင်းဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်တစ် ဦးက သျှမ်းသံတော်ဆင့်သို့ ပြော သည်။

“အခန်းခတိုးမြှင့်ကောက်ခံပြီး ၃ ရက်အတွင်းပေါ့နော် ငှားရမ်းသူတွေဘက်က မူစယ်ခရိုင်အုပ်ချုပ် ရေးကိုအသနားခံစာတင်တယ်သူတို့ဘက် က ခေါ်ယူညှိနှိုင်းတာတို့ အရေးယူဆောင်ရွက်ပေးတာတို့ မရှိဘူး အဲဒါကြောင့် ပြည်နယ်ဝန် ကြီး ချုပ်ဆီကို စုပေါင်းလက်မှတ်ထိုးပြီး စာပြန် တင်ထားတယ် ” ဟု သူက ပြောသည်။

ယခုအခါ နှင်းနှင်းခိုင်ကုမ္ပဏီမှ ဈေးအတွင်း ပျက်စီးနေသည့် ရေနှုတ်မြောင်းများ ပြန်လည်ပြုပြင်ပေးနေသော်လည်း ဆိုင်ခန်းခများ လျှော့ ပေါ့ ပေးခြင်း မရှိသေးကြောင်း သိရသည်။

“ကုမ္ပဏီဘက်က ရေနှုတ်မြောင်းတွေတော့ ပြန်ပြုပြင်ပေးနေတယ်၊ လောလောဆယ်တော့ အရင် ယွမ် ရ၀၀ တန်အခန်းကို ၉၀၀ ပေါ့ ၆၀၀ တန် အခန်း ကို ၈၀၀ ပေါ့ စာချုပ်ပါတောင်းထားတဲ့အတိုင်း ပေးနေရတယ်” ဟု ဆက်ပြောသည်။

ယခင်က အဆိုပါ ဈေးအတွင်း လူစည်ကားခြင်း မရှိသော်လည်း ယခုအခါ လူစည်ကားစပြုလာရာ ဆိုင်ခန်းလိုချင်သူများ ပြားလာသဖြင့် ကုမ္ပ ဏီဘက်မှ အခန်းခဈေးများ တိုးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဆိုင်ခန်းခတိုးမြှင့်မယ်ဆိုရင် ပိုင်ရှင်ဘက်က ကြိုတင်သတိပေးရမယ်ပေါ့ဗျာ၊ နောက် ၃ လအတွင်း အခန်းခ ချက်ခြင်း မတိုးသင့်ဘူးပေါ့ ညှိ နှိုင်းဆောင်ရွက်မှု လိုတယ်ပေါ့ဗျာ၊ ဘယ်လိုပဲဖြစ်ဖြစ် အခုပြည်နယ်ဝန်ကြီးချုပ်ကို တင်ထားတာ မထူးခြားရင် သမ္မတအထိ ဆက်တင်မှာပဲ ” ဟု နောက်ထပ်မူစယ်မြို့ခံ တစ်ဦးက ဆိုသည်။

ဆိုင်ခန်းငှားရမ်းသူများက ဆိုင်ခန်းခအပြင် စည်ပင်အမှိုက်ခွန် တစ်လကျပ် ၁၀၀၀၊ ရေမီတာ တစ်ယူနစ် ကျပ် ၃၀၀ နှင့် မီးတစ်ယူနစ် ကျပ် ၁၅၀ ပေးဆောင်ရကြောင်းလည်း သိရသည်။

No comments: