Friday, November 9, 2012

ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင်အား လုပ်ကြံမည်ဆိုသည့် တရားခံ မဟုတ်မှန် ဟု နှစ်နိုင်ငံ ရဲအရာရှိပြော

မွေခေါဝ်

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ထက်ဆင်ရှင်နဝပ် အား လုပ်ကြံမည့်သူဟု စွပ်စွဲခံထားရသည့် တာချီလိတ်မြို့မှ တရားခံမှာ စစ်ဆေးတွေ့ရှိ ချက် အရ ဖြစ်နိုင်မှု မရှိဘဲ အကွက်ဆင်မှု တခုသာ ဖြစ်နိုင် ကြောင်း ထိုင်း၊ မြန်မာရဲအရာရှိများက ပြောဆိုသုံးသပ်ကြပါသည်။

“တကယ်လို့ ကိုယ်ကသာ လက်ဖြောင့်သမားဆိုရင် မုန့်ရောင်းစားမှာလား။ စုံထောက်တို့ သူလျှိုတို့ ဆိုရင် တမျိုးပေါ့။ လက်ဖြောင့်သမား ဆိုရင် ဗစ္စတိုတလက်တော့ ရှိသင့်တယ်။ သူဌေးတွေ ရှိကြတယ်။ သူဌေးတိုင်း ကိုယ်ရံတော် လက် ဖြောင့်သမား တွေ ရှိတယ်။ လက်ဖြောင့်သမား တိုင်း ပစ္စတို သေနတ် တလက်တော့ အနည်းဆုံးရှိတယ်။ သူတို့က တိုးကျိုးမုန့်ရောင်းသ မား လုပ်စားမယ်ဆိုတာတော့ လုံးဝ မဖြစ် နိုင်ဘူး” ဟု ထိုင်း အရာရှိတစ်ဦးက ပြောပါသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ထက်ဆင် သည် နေပြည်တော်သို့ နိုဝင်ဘာ ၈ ရက်၌ အလည်အပတ် ရောက်ရှိမည်ဖြစ်ပြီး ထိုမှတဆင့် တာချီ လိတ်သို့ လာရောက်လည်ပတ်မည်ဟု သတင်းများ ထွက်ပေါ်နေ စဉ် နိုဝင်ဘာ ၂ ရက်နေ့၌ လှည်းဖြင့် မုန့်လှည့်လည်ရောင်းချနေ သည့် ဆမ် ပူး ဆိုသူထံမှ အာပီဂျီဗုံးသီး (၃)လုံး၊ ပို့ကျည်(၃)တောင့်၊ M 16 ကျည်ကဒ် ၁ ခုနှင့် ၅.၅၆ ကျည် ၁၀ တောင့်တို့ကို ဖမ်းဆီးရ မိခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်က ဆမ်ပူး သည် ထက်ဆင် အား လှုပ်ကြံမည့်သူ ဟု ပြောဆိုကြောင်း ထိုင်းသတင်း စာ များ၌ ရေးသားဖော်ပြသည်။

“ထက်ဆင် က တာချီလိတ်ကို လုံးဝ မလာချင်ဘူး။ထိုင်းဝန်ကြီးချုပ်ဖြစ်တဲ့သူ့ညီမကလည်းမလာစေ ချင်ဘူး။သူမမျက်နှာပူတာပေါ့။တက်ဆင် ရဲ့တပည့်တွေက လာစေချင်တယ်။ အဲဒါကြောင့် အကွက်ရှာ တာလည်း ဖြစ်နိုင်တယ်” ဟု အမည်မဖော်လိုသည့် အဆိုပါ ထိုင်းအရာရှိက ဆက် ပြောပါသည်။

တဖက်၌လည်း လားဟူပြည်သူ့စစ်ဘက်မှ ထက်ဆင် အား လုပ်ကြံမည်ဟုလည်း သတင်းများ ထွက်ပေါ် နေကြောင်း၊ အကယ်၍ ထက် ဆင် အား လုပ်ကြံမည်ဆိုပါက မုန့်ရောင်းစားနေသည့်သူအား ဌားရမ်းမည် မဟုတ်ကြောင်း၊ ၎င်းတို့တွင် ကျွမ်းကျင်သည့် လက်ဖြောင့် တပ်သားများ ရှိမည်မလွှဲကြောင်း ပြောပါ သည်။

“ဆမ်ပူး မုန့်ရောင်းတဲ့အခါ ကျနော်တို့ ဆိုင်ရှေ့မှာ လာရပ်တတ်တယ်။ သူ့ရဲ့ကိုယ်ရေးရာဇဝင်ကိုတော့ မသိရဘူး။ ဒါပေမဲ့သူကမိုင်းလား၊ မိုင်း ပေါက်၊ မိုင်းဖျန်က သူဌေးတွေနဲ့ အလုပ်လုပ်ဖူးတယ်လို့ ပြော ပြဖူးတယ်။ အဲဒီသူဌေးတွေရဲ့ ပစ္စည်း တွေ ဖြစ်နိုင်တယ်” ဟုတာချီလိတ်မှ ကုန် စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါသည်။

ထက်ဆင် ထိုင်းဝန်ကြီးချုပ်ဖြစ်နေစဉ်ကာလ ၂၀၀၄-၂၀၀၅ ခုနှစ်ခန့်ကလည်း ၀ တပ် UWSA က ၎င်းအား လုပ်ကြံမည်ဟု သတင်းများ ထွက် ပေါ်ခဲ့သေးသည်။ UWSA ဖက်မှ သတင်း မမှန်ကန် ကြောင်း၊ ကောဋ္ဌဟာဋ္ဌသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“တကယ်လို့ ၀ က လုပ်ကြံမယ်ဆိုရင်လည်း ၀ တပ်ဖွဲ့တော့ မဖြစ်နိုင်ဘူး။ ပုဂ္ဂလိက ဆိုရင်တော့ ဖြစ် ကောင်းဖြစ်နိုင်တယ်။ ၀ သူဌေးတွေ မှာ လက်ဖြောင့်သမားတွေ တန်းစီနေတာဘဲ။ လှည်းနဲ့ မုန့်ရောင်းနေတဲ့သျှမ်းလူမျိုးကို လာငှားမှာ လား။ လုံးဝ မဖြစ်နိုင်ဘူး။ တခြားတယောက် ကိုဘဲ ငှားမှာ ပေါ့” ဟု ၀ အရာရှိနှင့် နီးစပ်သူတစ်ဦးကလည်း ပြောပါသည်။

တာချီလိတ်မှ ရဲအရာရှိတစ်ဦးကလည်း တာချီလိတ်သည် နယ်စပ်မြို့ဖြစ်သည့်အတွက် မူးယစ်ဆေးဝါး များ၊ လက်နက်များ ဖမ်းဆီးမိခြင်း သည် အဆန်းမဟုတ်ကြောင်း၊ ဤကဲ့သို့ လက်နက်ဖမ်းမိခြင်းသည် ထက်ဆင် အား လုပ်ကြံမည့်ကိစ္စနှင့် သက်ဆိုင်သည်ဟု မမြင် ကြောင်း သျှမ်းသံတော်ဆင့်အား ပြော သည်။

ထက်ဆင် အား လုပ်ကြံမည့်သတင်းများ ထွက်ပေါ်ပြီးနောက် ၎င်းကလည်း တာချီလိတ်သို့ လာရောက် တော့မည် မဟုတ်ကြောင်း ထိုင်း သတင်းများက ရေးသားပါသည်။

No comments: