Thursday, November 15, 2012

လွတ်မြောက်လာသူများထဲ နိုင်ငံရေးအကျဉ်းသား မပါ

လင်းသန်

မြန်မာ အစိုးရက အကျဉ်းထောင်များရှိ အကျဉ်းသား ၄၅၂ ဦးကို ယနေ့ နေ့စွဲဖြင့် လွတ်ငြိမ်း သက်သာခွင့် ပေးလိုက် သော်လည်း ပြန် လည် လွတ်မြောက်လာ သူများတွင် ယခု သတင်းရေးသားပြီးချိန်ထိ နိုင်ငံရေး အကျဉ်းသား တဦး တယောက်မျှ မပါဝင်သေးကြောင်း သတင်းရ ရှိသည်။

ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၏ ပြန်ကြားရေးဌာနက ယနေ့ နံနက်ပိုင်းမှ အင်းစိန် အကျဉ်းထောင်အပါအ၀င် နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားလွတ်မြောက်မှုကို စောင့်ကြည့်နေရာ နိုင်ငံရေးအကျဉ်းသား တဦးတယောက်မှ ပါဝင်လာခြင်းမရှိသေး၍ စိတ်ပျက်စရာဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

“ဒီနေ့အချိန်အခါဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့အချိန်ဖြစ်တယ်။ ဒီအချိန်မှာ နိုင်ငံ ရေးအကျဉ်းသားဆိုတာ မရှိသင့်တော့ဘူး။ ဒါကြောင့် ခုချိန်မှာ အရေးကြီးနေတဲ့ နိုင်ငံရေးအကျဉ်းသားကို ဦးစားပေးလွှတ်မပေးဘဲ ရာဇ ဝတ် ပြစ်မှုသမားတွေကိုပဲ လွှတ်ပေးလိုက် တာ ဟာ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှု ဆိုတာအတွက် စိတ်ပျက်စရာဖြစ် သွားစေတယ်” ဟု ၈၈ မျိုးဆက် ပြန်ကြားရေး တာဝန်ခံ ကိုအံ့ဘွယ်ကျော်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထိပ်တန်းခေါင်းဆောင်တဦးလည်းဖြစ် လွှတ်တော်အမတ်တဦးလည်းဖြစ်သူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ယခုကဲ့သို့ အကျဉ်းသားများ ပြန်လွှတ်ပေးလိုက်ခြင်းသည် အမေရိကန် သမ္မတ အိုအားမား၏ မြန်မာခရီးအကြို ကြိုတင်ပြင် ဆင် ခြင်း ထက်မပိုကြောင်း ဧရာဝတီကို ပြောသည်။

“အကျဉ်းသားတွေကို သူတို့ လွှတ်ပေးချင်ရင် အချိန်မရွေးလွှတ်ပေးလို့ရတာပဲ။ ဒါပေမယ့် အ ကြောင်း ရှိလို့သာ သူတို့ အခုလွှတ်ပြတာ” ဟု သူက ဆိုသည်။

အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် သိသာ မြင်သာသည့် တိုးတက်ပြောင်းလဲမှု တခုခု မြင်တွေ့လိုကြရာ အထူးသဖြင့် နိုင်ငံရေးအကျဉ်း သားများ လွတ်မြောက် လာမည်ဟု မျှော်လင့်ထားခဲ့သော်လည်း ယခုထိ ကြားနေရသော သတင်းအချက်အလက်များအရ နိုင်ငံရေး အ ကျဉ်း သား မပါဝင်၍ စိတ်ပျက်မိကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းတွင် ပြောဆိုနေကြသည်။

“ပထမ အကျဉ်းသားတွေ လွှတ်တယ်ဆိုတာ့ ကျနော်တို့လည်း ၀မ်းသာတာပေါ့။ အခုထိ ကြားရသ လော လွတ်လာတဲ့ သူတွေထဲမှာ နိုင်ငံ ရေး အကျဉ်းသား မပါလာဘူးဆိုတော့ ၀မ်းနည်းမိတယ်” ဟု ပညာရေးဝန်ဆောင်မှုများ လုပ်ကိုင်နေသော နိုင်ငံရေး အကျဉ်းသားဟောင်း တဦး ဖြစ်သူ ကိုမြင့်ဝင်းမောင်ကလည်း ဧရာဝတီကို ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP တွဲဖက် အထွေထွေ အတွင်း ရေးမှူး ဦးဘိုကြည် က ကြားသိရသည့် သတင်းများအရ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာခြင်း မရှိ သေးသည့်အပေါ် သမ္မတ ဦးသိန်းစိန် အစိုးရအ နေဖြင့် အပြောနှင့် အလုပ် မညီဖြစ်နေကြောင်း ပြောဆိုသည်။

“ဦးသိန်းစိန်က သူ အရင်တုန်းကလည်း ထပ်ခါ ထပ်ခါ ပြောနေတယ်ဗျာ။ ရာဇ၀တ် အကျဉ်းသား တွေ ဥပဒေ ချိုး ဖောက်တဲ့ သူတွေကို လွှတ် မပေးနိုင်ဘူးလို့ ပြောလေ့ရှိတယ်။ ဒါပေမယ့် အခု လွှတ်တဲ့အခါမှာတော့ ရာဇ၀တ် အကျဉ်း သား တွေကိုပဲ လွှတ်ပေးနေတာတွေ့ရတယ်။ အဲ ဒါကတော့ အပြောနဲ့ အလုပ်မညီဘူးလို့ ပြောရမှာပါ။ တကယ်တမ်းကျတော့ ခိုးဆိုးလု ယက်သူတွေထက် စာလို့ရှိရင် အခု ထောင်ထဲမှာရှိနေ တဲ့ နိုင်ငံရေး အကျဉ်းသားတွေက လူ့အဖွဲ့အစည်းကို အနှောက်အယှက်ဖြစ်အောင် လုပ်ခဲ့တဲ့သူ တယောက်မှ မပါဘူး။ နိုင်ငံရေး အကျဉ်း သားတွေကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးတာက မြန်မာနိုင်ငံရဲ့ အနာဂတ်အ တွက် အကောင်းဆုံး ဖြစ်ပါ လိမ့်မယ်” ဟု ဦးဘိုကြည်က ဆိုသည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင်ပေါင်း ၄၄ ခုနှင့် ရဲဘက်စခန်းပေါင်း ၁၀၀ ကျော်ရှိရာနိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၃၀၀၀န်းကျင်ခန့်လွတ် မြောက်မှု မရှိသေးကြောင်း AAPP၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ NLD ပါတီနှင့် နိုင်ငံ ရေးပါတီ စသည်တို့၏ နောက်ဆုံး စာရင်း များ အရ သိရသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ကလည်း ယခုကိစ္စနှင့်ပတ်သက်၍ မနက်ဖြန် နိုဝင်ဘာ ၁၆ ရက်နေ့တွင် ရန်ကုန် မြို့ရှိ တော်ဝင် နှင်း ဆီတွင် သတင်းစာရှင်းလင်းပွဲ တခု လုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကြေညာချက် တစောင် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ နိုင်ငံတော် တည် ငြိမ် ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၊ နိုင်ငံ တော် တည်ဆောက်ရေးတွင် ပါဝင်နိုင် ရေး၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော အားဖြင့်လည်း ကောင်း၊ ၂ နိုင်ငံ ချစ်ကြည်ရေးနှင့် နိုင်ငံချင်း မိတ်ဝတ်မပျက် ဆက်ဆံ ရေးတို့ အတွက် အသက်ကြီးသူများ၊ ကျန်းမာရေး ချို့တဲ့သူများနှင့် နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း ၄၅၂ ဦးကို လွတ်ငြိမ်း ခွင့်ပြုကြောင်း ကြေညာခဲ့သည်။

လွတ်မြောက်လာသော နိုင်ငံခြားသား အကျဉ်းသားများကို နယ်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်းလည်းပါဝင်သည်။

No comments: