Sunday, November 11, 2012

ကမ်းဝေး ငါးဖမ်းသင်္ဘောများ ကမ်းနီးတွင် ၀င်ရောက် ငါးဖမ်းနေ၊ ဒေသခံတံငါသည် များ လုပ်ငန်းကို စွန့်လွှတ်

ဇင်ကီး

ရခိုင် ပြည်နယ် သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ရှိ ကမ်းနီးငါးဖမ်းလုပ်ကွက်များ တွင် ကမ်းဝေး ငါးဖမ်းလှေများ ကမ်းနီးသို့ လာရောက် ငါးဖမ်း နေခြင်း ကြောင့်ဒေသခံ လက်လှော်လှေ တံငါသည်များမှာ မိမိတို့လုပ်ငန်းကို စွန့်ခွာသွားရကြောင်း သတင်းရရှိသည်။

ကမ်းဝေးငါးဖမ်းလှေများသည် ကမ်းနီးသို့ဝင်ရောက်ငါးဖမ်းခြင်းကြောင့် လက်လှော်လှေ ငါးဖမ်းပိုက်များ ကို အမြဲတမ်း စက်လှေကြီးပန် ကာ ဖြင့် တိုက်မိကာ ငါးဖမ်းပိုက်များပျက်စီးခြင်း၊ လှေငယ်များကို တိုက်မိကာလှေ နစ်မြုပ်ဆုံးရှုံးမှုများ မ ကြာခဏ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံ များမှာ စိတ်အနှောင့်အယှက်ဖြစ်ကာမိမိတို့လုပ်ငန်းကိုစွန့်ခွာသွားခဲ့ကြကြောင်း သိရသည်။

ကျနော်တို့ သဲကုန်းမှာဆိုရင် အရင်က လက်လှော် ငါးဖမ်းလှေတွေအများ ကြီးရှိတာ၊ အခြားစီးပွါးရေးမှ မရှိတာ၊ ဒီငါးဖမ်းလုပ်ငန်းကို တ ပိုင်တနိုင် လုပ်ကိုင်ပြီး အသက်မွေး ၀မ်းကြောင်းပြုကြရတယ်၊ ကမ်းဝေး ငါးဖမ်း လှေသမားတွေဟာ ကမ်းနီးကိုလာပြီး ငါးဖမ်းပိုက်ကြီး တွေနဲ့ဆွဲလိုက်တော့ ကမ်းနီးမှာရှိတဲ့ငါးတွေ အကုန်ပါကုန်ပြီး၊ ပိုက်တွေ၊လှေတွေကို လည်း ခဏခဏ ၀င်တိုက်တော့ ပိုက်တွေ၊ လှေတွေ ဆုံးရှုံးမှုတွေကအရမ်းကိုများလာတယ်၊ကြာလာတော့လူတွေလည်းစိတ်အနှောင့်အယှက် ဖြစ်ပြီးတော့ ငါးမဖမ်းတော့ဘဲ ကြုံရာကျပန်း ကို လုပ် ကိုင်နေကြရတော့တယ်" ဟု ပုန်းညှက်ရွာသားတစ်ဦး ပြောပြချက်အရသိရသည်။

ရခိုင်ပြည်နယ်တွင် ကမ်းဝေးငါးဖမ်းလုပ်ငန်းကို ကမ်းခြေနှင့် ငါးမိုင်အကွာတွင် သတ်မှတ်ထားပြီး၊ ကမ်းနီး ငါးဖမ်းလုပ်ငန်းကို ကမ်းခြေ၏ ငါး မိုင်အတွင်းတွင် သတ်မှတ်ထားသော်လည်း ကမ်းဝေးငါးဖမ်းသင်္ဘောများက ကမ်းနီးငါးဖမ်းလုပ်ကွက် များသို့ဝင်ရောက်ငါးဖမ်းနေခြင်းကြောင့် ကမ်းနီးငါးဖမ်းလုပ်ငန်းများ အခက်အခဲ ဖြစ်နေကြောင်းသိရှိရသည်။

ရခိုင်ပြည်နယ်ရှိ ဂွမြို့နယ်အစ၊ သံတွဲမြို့နယ်ရှိ အဆုံး၊ ငါးဖမ်းကွက် အေ(၂၁)ကမ်းနီးငါးဖမ်းလုပ်ငန်းများတွင် ကမ်းဝေး ငါးဖမ်းသင်္ဘော များ လာရောက် ဖမ်းဆီးနေခြင်းကြောင့် အခက်အခဲ ကြုံနေရခြင်းကို ပုန်းညှက်ကျေးရွာမှ ကမ်းနီးငါးဖမ်းလုပ်ငန်းပိုင်ရှင် ကိုအောင်ကျော် ဇောက ပြောသည်။

ကမ်းဝေးငါးဖမ်းသင်္ဘောများဖြစ်သည့် ကျော်ဇင်ဝင်း ၃. ၁၅၁၊ SHWE HLIAN TOE 1264၊ ၄၀၄ အဏ္ဏ၀ါမင်း ၄၄၊ ၄၇၀ အဏ္ဏ၀ါမင်း ၃၉၊ KTAW ZIN WIN 7. 066၊ 375 ANNA WAR MIN 99 စသည့် သင်္ဘေများက ကမ်းနှင့် ပေ(၅၀၀) ခန့်အကွာတွင် ၀င်ရောက် ငါးဖမ်းနေ ကြောင်း သိရှိရသည်။

ကမ်းဝေး ငါးဖမ်းသင်္ဘောများမှ ကမ်းနီးသို့ ၀င်ရောက် ငါးဖမ်းနေခြင်းကြောင့် မိသားစုဝမ်းရေးအတွက် တပိုင်တနိုင် လုပ်ကိုင်စားသောက် နေ ကြသည့် လက်လှော်လှေ ငါးဖမ်းပိုက်များမှာ မကြာခဏ သင်္ဘောများဖြင့် အတိုက်ခံနေရပြီး ပိုက်များပျက်စီးနေရကြောင်းကို သံတွဲမြို့နယ် သဲကုန်းရွာမှာ လက်လှော် ငါးဖမ်းသမား ဦးစန်းမြင့်က ပြောသည်။

"အောက်တိုဘာ(၂၈)ရက်နေ့က သင်္ဘောနံပါတ်(၁၂၆၄) ရွှေလျှံတိုးသင်္ဘောဟာ စေတီကွင်းဆင်လမ်းက ကျနော့်ပိုက်ကိုတိုက်ယူသွားလိုက် တာ ညောင်ပင်သာထိပ်ရောက်မှ ကျနော့်ပိုက်ကိုပြန်ရတယ်၊ ကျနော်နောက်က အားနဲ့ခတ်၊ လှေ လှော်ပြီးလိုက်လာတာကို ဆလင်ကမြင်ပြီး တော့ သင်္ဘောကို ရပ်ပေးပြီး ပိုက်ကိုဖော်ပေးပါတယ်၊ ပိုက်(၇)လက်မှာ (၆)လက်ပဲအကောင်း ရပါတယ်၊ တစ်လက်က အားလုံး ပျက်စီးသွား ပါတယ်၊ အလျော်လည်း ပြန်မရပါဘူး၊ " ဟု ဦးစန်းမြင့်က ပြောသည်။

ကမ်းဝေး ပင်လယ်ငါးဖမ်းပိုက်များဖြင့် ကမ်းနီးတွင် ၀င်ရောက် ငါးဖမ်းခြင်းကြောင့် ကြမ်းပြင်အောက်ခြေထိ ငါးဖမ်းပိုက်များဖြင့် တရွတ် တိုက် ဆွဲလိုက်ခြင်းကြောင့် ရေအောက်ကြမ်းပြင်များပျက်စီးခြင်း၊ သန္တာကျောက်တန်းများပျက်စီးခြင်း၊ ငါးသားပေါက်များ ပျက်စီးခြင်း ကြောင့် ငါးရ ရှိမှုလျှော့နည်းလာသည်။

ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ လွှတ်တော်ခန်းမ၌ စက်တင်ဘာ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ အစည်းအဝေးများတွင် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ကိုယ်စားလှယ်ဦးဖိုးမင်းက ကမ်းနီးငါးဖမ်း လုပ်ငန်းများ လုံခြုံရေးနှင့် ကမ်းဝေးငါးဖမ်းလုပ်ငန်းများက ကမ်းနီးသို့ ၀င်ရောက်ငါးဖမ်းနေ ခြင်းအပေါ် ထိရောက်စွာကာကွယ်ရန် အဆိုကို တင်သွင်းခဲ့ကြရာ ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြသော်လည်း အကောင်အထည်ဖော် ဆောင် ရွက်မှုများ မတွေ့ရှိရသေးပေ။

No comments: