Monday, November 12, 2012

သံတွဲမြို့နယ်တွင် မိရိုးဖလာ အစဉ်အလာအရပြုလုပ်သည့် ကျောင်းကထိန်သင်္ကန်း ကပ်လှူပွဲ လှည့်လည်ခွင့် ပိတ်ပင်ခံရ

ခိုင်ခိုင်

သံတွဲမြို့နယ် တွင် လာမည့် နိုဝင်ဘာ(၂၃)ရက်၊ (၂၄)ရက်၊ (၂၁)ရက် များ တွင် ပြုလုပ်မည့် ကျောင်းကထိန်သင်္ကန်းကပ်လှူပွဲ၌ စီတန်း လှည့်လည် ခွင့် ကို ပိတ်ပင်ခံရကြောင်း သိရှိရသည်။

သံတွဲမြို့နယ်တွင် ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားသည့် ကျောင်းကထိန် သင်္ကန်းကပ်လှူပွဲမှာ အ.ထ.က(၁)တွင် (၂၃)ရက်နေ့၊ အ.ထ.က(၂)တွင် (၂၄)ရက်နေ့၊ အ.လ.က (မြို့မ)တွင်(၂၁)ရက်နေ့တွင် ကထိန်သင်္ကန်း ကပ်လှူရန် စီစဉ်ထားကြောင်း သိရသည်။ ခရိုင်အုပ်ချုပ် ရေးမှူး ဦးထွန်း ဝေက ကထိန်သင်္ကန်း ကပ်လှူရန်အတွက် လှည့်လည်ခြင်း မပြုရန် ကျောင်းအုပ်ဆရာ၊ ဆရာမများကို ခေါ်ယူပြောဆိုခဲ့ ကြောင်း သိရသည်။

ကထိန်သင်္ကန်းကပ်လှူရန် လှည့်လည်ခွင့် ပိတ်ပင်ခံရခြင်းနဲ့ ပတ်သက်၍ သံတွဲမြို့နယ်မှ ကိုမြင့်မိုးအား မေးမြန်းကြည့်ရာ " ဟုတ်ပါတယ်၊ ကျွန် တော်တို့ ဗုဒ္ဓဘာသာဝင်တွေမှာ ဘိုးဘေးဘီဘင် ကတည်းကပင် ကထိန် သင်္ကန်းကပ် လှူရင် မြို့ထဲကို ပဒေသာပင်တွေနဲ့ လှည့်လည်ပြီး လုပ်ကြ တာဖြစ်ပါတယ်။ အဲဒါကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက လှည့်လည်ခွင့် မပြုနိုင်ဘူးဆိုပြီး ကျောင်းအုပ် ဆရာကြီးကို ခေါ်ပြောပါ တယ်။ ကျောင်းထဲမှာပဲ ဘုန်းကြီး၊ သံဃာတွေကိုပင့်ပြီး သင်္ကန်းကပ် ကြပါလို့ ပြောပါတယ်။ ဘာကြောင့်လှည့်လည်ခွင့်မပြုရတာလဲဆိုတာကိုတော့ မပြောပြပါဘူး။ လှည့်လည်ခွင့် မပြုနိုင်ဘူးလို့ပဲ ပြောပါတယ်။ ကျောင်းသား/ကျောင်းသူတွေဆိုရင် ပဒေသာပင်လေးတွေကိုတောင် ပြင်ဆင် ထားပြီးနေကြပါပြီ။ ကထိန်သင်္ကန်းကပ်လှူပွဲတွေဆိုရင် ကျောင်းသားလေးတွေ ကျောင်းမှာ ပျော်လိုက်ပါးလိုက် စားသောက်လိုက်နဲ့ ပျော်ကြ တဲ့ပွဲမှာ အခုလိုလှည့်လည်ခွင့် မပြုဘူးဆိုတော့ မြို့မိ မြို့ဖတွေနဲ့ ကျောင်းသားကျောင်းသူတွေက အရမ်းကို စိတ်ပျက်နေကြပါတယ်။ " ဟု ပြောသည်။

သံတွဲမြို့နယ်တွင် ကျောင်းကထိန်သင်္ကန်းကပ်လှူခြင်းကို ဘိုးဘေးဘီဘင်ကတည်းက ဗုဒ္ဓဘာသာဝင်တွေရဲ့အစဉ်အလာအရကျောင်း ပေါင်း စုံမှ ကျောင်းသူ/ကျောင်းသားများ ကထိန်သင်္ကန်းများကို ကိုင်ဆောင်ကာ မြို့ထဲကိုလှည့်လည်ပြီး သင်္ကန်းကပ်လှူကြခြင်းဖြစ် သည်။ အ.ထ.က(၁)တွင် (၅၉)ကြိမ်မြောက်၊ အ.ထ.က(၂)တွင် (၂၉)ကြိမ်မြောက်နှင့် အ.လ.က(မြို့မ)တွင် (၂၈)ကြိမ်မြောက်ကျင်းပလာ ခဲ့ခြင်း ဖြစ်ကြောင်း သိ ရသည်။

တန်ဆောင်းမုန်းလတွင် ဗုဒ္ဓဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာအရ ၀ါရဘုန်းတော်ကြီး သင်္ဃာများအား ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲများ ကို ပြုလုပ်လေ့ရှိကြပြီး၊ ရခိုင်ပြည်တွင်ဆိုလျှင် ယင်းကထိန်သင်္ကန်းကပ်လှူပွဲကို မြို့တစ်လျှောက်လမ်းများအတိုင်း သင်္ကန်းနှင့် ၀တ္ထု ပစ္စည်း ပဒေ သာပင်များအား သယ်ဆောင်လျှက် ကထိန်သင်္ကန်းလက်ခံမည့် ဘုန်းကြီးကျောင်းအထိ စီတန်းလှည့်လည်လမ်း လျှောက် သည့်ထုံးတမ်းစဉ် လာ ရှိသည်။

No comments: