Saturday, November 17, 2012

ဘုရားပြီး ငြမ်းဖျက် စကားပုံနှင့် မူစယ် ၁၀၅ မိုင် ကုန်ထမ်း အလုပ်သမားများ ဘဝ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်း ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ဘုရားသိမ် စတင် ဆောက်လုပ်ခဲ့ သည့် တစ်ချိန်တည်းတွင် ကုန်သွယ်ရေးဇုန် အလုပ်သမားဦးစီးဋ္ဌာနမှ တရားဝင်မဟုတ်သည့် ကုန်ထမ်း အလုပ်သမား ၂၅၆ ယောက်အား ခန့်အပ် လိုက်ခြင်းမှာ အချိန်အားဖြင့် တိုက်ဆိုင်မှု ဖြစ်နေပေသည် ။

၂၀၁၀ ခုနှစ် ၁၁ လပိုင်းက ဘုရားသိမ် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အလုပ်သမားဦးစီးမှူး ဦးကျော်ကျော် ဦးမှ အဆိုပါ အ လုပ် သမားများအား အလုပ်ခန့်ခဲ့ခြင်း ဖြစ်သည် ။

ယခုအခါ သိမ်ဆောက်လုပ်မှု ပြီးဆုံး၍ ယခုလ ၂၅ ရက်နေ့တွင် ရေစက်ချလှူဒါန်းတော့မည်ဖြစ်ရာ ၄င်းအချိန်သည်လည်း ကုန်ထမ်း အ လုပ် သမား ၂၅၆ ယောက်စလုံး အလုပ်ဖြုတ်ခံရချိန်နှင့် တိုက်ဆိုင်နေပြန်သည် ။

မြန်မာလူမျိုးများက စေတီပုထိုးများ တည်ဆောက်ရာတွင် တပ်ဆင်အသုံးပြုသည့် အကာအရံများကို “ ငြမ်း ” ဟု ခေါ်ကာ တည်ဆောက် မှု ပြီးဆုံးချိန်တွင် အဆိုပါ ငြမ်းများကို ဖျက်သိမ်းလေ့ရှိသဖြင့် ဘုရားပြီး ငြိမ်း ဖျက်ဆိုသည့် ဆိုရိုးစကား ရှိနေရာ ယခုအလုပ်ဖြုတ်ခံရသည့် ဖြစ် ရပ်အပေါ် အလုပ်သမားများက ဘုရားပြီး ငြမ်းဖျက်ဟု တင်စား ပြောဆို နေခြင်း ဖြစ် သည် ။

အသက်ခပ်ကြီးကြီး အလုပ်သမားဟောင်းတစ်ဦးက ၄င်းကုန်ထမ်းအလုပ်သမားအဖြစ် စတင် အလုပ်ဝင်ခဲ့သည့် အတွေ့ အကြုံ ကို ယခု လို စပြောသည် ။

“အလုပ်စဝင်တော့ ၀င်ကြေးက တစ်ယောက်ကို ၂ သောင်းခွဲ ၊ အားလုံး ၂၅၆ ဦးဆိုတော့ ၆၄ သိန်း ပေါ့နော် လူ ၈ ယောက် ပါတဲ့ အဆိုင်း ၃၂ ဆိုင်းဖွဲ့လိုက်တယ်။ အဲဒီ တစ်ဆိုင်းကို ၂ သိန်းခွဲ သိမ်အလှူငွေ ဆိုပြီး အလုပ်သမားစုမှူး ဦးပေါ် တင်က ကောက်တယ် ။ နှစ်မျိုးပေါင်း တော့ ၁၂၈ သိန်း လောက်လှူခဲ့ရတယ်” ဟု ဆိုသည် ။

၂၀၁၁ ခုနှစ်အတွင်းက တရုတ် - မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ် ရှိ အဆိုပါ ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်အတွင်း ကုန် စည်စီးဆင်းမှု ကောင်းမွန်ခဲ့ရာ တစ်နေ့လျှင် ကုန်တင်ကားကြီး အစီးရေ ၁၀၀ ၀န်းကျင်ခန့် ဖြတ်သန်း သွားလာနေကြောင်း သိရ သည် ။

ကုန်ကားတစ်စီးလျှင် ကုန်အလေးချိန်တန်၂၅ နှင့် ၃၀ ၀န်းကျင်ကြား တင်ဆောင်ထားပြီး အဆိုပါကားတစ်စီး ကုန်တင် ကုန်ချခ အဖြစ် အ လုပ် သမား ၈ ယောက် တစ်ဆိုင်းလျှင် ကျပ်ငွေ ၁၂၀၀၀ ပေးကြောင်း ဆိုသည် ။

“ကုန်ထမ်းခ တစ်တန်ကို ကျပ် ၁၀၀၀ နှုန်းပေါ့နော်။ ကားတစ်စီး ၂၅ တန်ဆိုရင် ငွေ ၂၅၀၀၀ ရမယ် အလုပ်သမားတစ် ဆိုင်းကို ကားတစ် စီး ၁၂၀၀၀ ပဲရတယ်။ ပုတ်ပြတ်ပေးလိုက်တာပေါ့နော် ။ ကျန်တဲ့ငွေကို အလှူငွေဆိုပြီး ကောက် တယ် ။ ဒါ့ အပြင် နေ့စဉ် ငွေ ၅၀၀ ထပ် ဖြတ်တယ် ။ တစ်ရက်ကို ကားအစီး ၁၀၀ ကျော်လောက်ဆို တစ်ဆိုင်းကို ၄ စီးနဲ့ ၅ စီးကြား ထမ်း ရတယ် ။ တကယ်တမ်းထမ်း ရတဲ့လူတွေကတစ် ယောက် ကို ကျပ် ၆၀၀၀ လောက်ပဲရကြတယ် ” ဟု သူ ဆိုသည် ။

အဆိုပါ အောက်ခြေကုန်ထမ်းအလုပ်သမား အများစုမှာ အညာဒေသမှ ကြုံရာကျပန်း လာရောက်လုပ်ကိုင်စားသောက် သူများဖြစ်ကြပြီး အိမ် ထောင်သည်များလည်း ပါဝင်ကြောင်း သိရသည် ။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အလုပ်သမားဦးစီးရုံး လက်အောက်တွင် အလုပ်သမား ၈၀၀ ခန့်ရှိသည့်အနက် ပါမစ် (ပတ်ကား) ၊ အရန် နှင့် ဖိုက် တာ ဟု ဆိုကာ အတန်းအစား ၃ မျိုးခွဲထားပြီး အဆိုပါ ၂၅၆ အုပ်စုမှာ ဖိုက်တာဟု ခေါ်သော အောက်ခြေ အလုပ်သမားများ ဖြစ် သည် ။

၎င်းအလုပ်သမားများမှာ ပါမစ်နှင့် အရန် အလုပ်သမားများ မလုပ်လိုသည့် အလုပ်များနှင့် ဂိုဒေါင်တွင်း ကုန်အတင်အချ အ လုပ်များ လုပ် ကိုင် ရကြောင်း သိရသည် ။

၂၀၁၀ နိုဝင်ဘာလမှ ၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့အထိ အလုပ်သမားထုအတွင်း ငွေခွဲဝေရာတွင် အသုံးပြုသည့် နည်းကို ငွေကိုက် လူ ကိုက် စနစ် ဟု ဆိုပြီး ယခုလ ၆ ရက်နေ့ နောက်ပိုင်းတွင် ဘို့တူဘို့မျှစနစ်သို့ အစားထိုးပြောင်းလဲခဲ့ ကြောင်း ၄င်းအလုပ်သမားဟောင်းက ဆက်ပြော သည် ။

“ငွေကိုက်လူကိုက် စနစ်မှာက စုမှူးကနေ ဦးစီးအရာရှိအထိ အချိုးကျခွဲဝေယူတယ်။ အခုက ဘို့တူဘို့မျှစနစ်ပေါ့ ။ အောက်ခြေ ကနေပြီး စောင့် ရှောက်ရေးမှူး အထိ သူတစ်ကျပ် ကိုယ်တစ်ကျပ်ယူတဲ့ စနစ်ပေါ့နော် ” ဟု ဆိုသည် ။

အဆိုပါ ငွေကိုက်လူကိုက် စနစ်တွင် ငွေကြေးမသမာမှုများ ရှိခဲ့ကြောင်း သူက ဆက်ပြောရာတွင် “ အလုပ်သမားစောင့် ရှောက်ရေးမှူး ဦး သောင်းက ဦးစီးအရာရှိဆီ နေ့စဉ် အလုပ်သမား ဦးရေ တင်ပြရာမှာ တကယ်ရှိတာထက် ၁၂၂ ယောက်ပို တင်တယ်။ ဦးစီးမှူး ဦးကျော် ကျော် ဦးကနေ လက်ရှိ ဦးဝင်းနိုင်ဦး လက်ထက် အထိပေါ့နော်။ ၆၇ ယောက်က ဘုရား သိမ် အတွက် ကျန်တဲ့ ၅၅ ယောက်စာကိုက စုမှူး ကနေ ဦးစီးအရာရှိအထိ အချိုးကျခွဲ ဝေယူတယ် ” ဟု ဆိုသည် ။

ထို့အပြင် ၂၀၁၀ ခုနှစ်က ကိုယ်ထူကိုယ်ထ ၀ယ်ယူထားသည့် အလုပ်သမား အဖွဲ့ပိုင် ကားတစ်စီးရှိပြီး အဆိုပါကားမှ တစ်လဝင်ငွေ ကျပ် သိန်း ၄၀ ခန့်ရရှိရာ ၄င်းငွေကိုလည်း စာရင်းအင်းမရှိ သုံးစွဲသည်ဟု ဆိုသည် ။

ထို့ကြောင့် ၂၀၁၀ ခုနှစ်အထိ သာမာန် အလုပ်သမားစုမှူး အဆင့်သာ ရှိသော ဦးပေါ်တင်မှာ ယခုအခါ သိန်း ၆၀၀ တန် တိုက်တစ်လုံး အ ပြင် အိမ်စီးကားအမျိုးမျိုး ၊ ထော်လာဂျီ ၊ မြေထိုးစက်နှင့် အခြားစီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်သည့် သူဋ္ဌေးတစ်ဦး ဘဝသို့ ပြောင်းလဲ ရောက်ရှိ သွားကြောင်း ဆိုသည် ။

၂၀၁၂ နိုဝင်ဘာ ၈ ရက်နေ့မှစ၍ မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ အလုပ်သမားရုံးတွင် အရန်အလုပ်သမား ၁၂၀ ခန့်ကို ပါမစ်ရ အလုပ် သ မားများ အဖြစ် ပြန်လည် ခန့်အပ်ခဲ့သော်လည်း ဘုရားသိမ်ဆောက်လုပ် အပြီး အလုပ်ဖြုတ်ခံခဲ့ရသော အလုပ်သမား ၂၅၆ ဦးမှာ ပါဝင် ခြင်း မရှိပဲ အများစုမှာ ကြုံရာကျပန်း ရရာအလုပ်လုပ်ကိုင်နေရကြောင်း သိရသည် ။

No comments: