Friday, November 16, 2012

စစ်တပ်က အားတင်မူ နိုင်ငံတော် သမ္မတထိ ရခိုင် လယ်သမားများ စာရေးတိုင်ကြား

နိရဉ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် စစ်တပ် တပ်ရင်း တစ်ခုက တောင်သူ လယ်သမားများ အပေါ် အင်အားသုံးပြီး အနိုင်ကျင့်နေမူ အပေါ် သည်းမခံနိုင်သည့် နောက်ဆုံး နိုင်ငံတော် သမ္မတထိ စာရေး တိုင်ကြားလိုက်သည်ဟု သတင်း ရရှိသည်။

“ ကျွန်တော်တို့ကို ခုလို အနိုင်ကျင့်နေတာကို သည်းမခံနိုင်တဲ့ အဆုံး လယ်သမား ၂၈ ယောက်က စာရေးပြီး နိုင်ငံတော် သမ္မတအထိ တိုင်ကြားလိုက်ပါပြီ” ဟု လယ်သမား တစ်ဦးက ဆိုသည်။

အဆိုပါ စာအား ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ဥက္ကဌများအား၎င်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းထံသို့လည်း မိတ္တူ ပေးပို့ခဲ့သည်ဟု ဆိုသည်။

ကျောက်တော်မြို့နယ် ပြိန်းချောင်း ကျေးရွာမှ လယ်သမား ၂၈ ဦးပိုင်ဆိုင်သော လယ်မြေ ၁၂၀ ဧကတွင် မှည့်နေသော စပါးများကို ကန်စောက် အခြေစိုက် တပ်ရင်း ၅၃၉ မှ သူတို့ပိုင် လယ်မြေများ ဖြစ်သည်ဟုဆိုကာ လယ်သမားများကို သေနတ်များဖြင့် ခြောက်လှန့် မောင်းထုတ်ပြီး စပါးများကို တက်ရောက် ရိတ်သိမ်းနေသည်။

စပါး စတင် ထွန်ယက် စိုက်ပျိုးတုန်းက တစ်စုံတစ်ရာ ဟန့်တားခြင်း မရှိဘဲ လယ်သမားများ လူအား၊ ငွေအား အကုန်အကျခံ စိုက်ပျိုးထွန်ယက်ပြီး စပါးမှည့်လာသည့် အချိန်ကျမှ အဆိုပါ လယ်မြေများမှာ သူတို့ပိုင်ဟု ဆိုကာ စပါးများကို တက်ရောက် ရိတ်သိမ်းနေခြင်း ဖြစ်သည်။

ခမရ ၅၃၉ တပ်ရင်းသည် ကျောက်တော်မြို့နယ် ကန်စောက်တောင် အနောက်ဘက်တွင် စခန်းချထားပြီး အဆိုပါ တပ်ရင်းအတွက် တောင်၏ အနောက်ဘက်တွင် တည်ရှိသော လယ်ဧက ၆၀၀ ခန့်ကို လယ်သမားများ ထံမှ ၂၀၀၇-၀၈ ခုနှစ်က သိမ်းယူခဲ့သည်ဟု သိရသည်။

အဆိုပါ တပ်ရင်းသည် လယ်ဧက ၆၀၀ သိမ်းယူထားပြီ ဖြစ်သော်လည်း ကျေနပ်မူ မရှိဘဲ ကန်စောက်တောင် အရှေ့ဘက်ခြမ်းရှိ လယ်ဧက ၁၂၀ အားလည်း တပ်မှ ပိုင်သည်ဟု ဆိုကာ တက်ရောက် သိမ်းယူခဲ့ပြန်သည်ဟု လယ်သမားများက ပြောဆိုသည်။

ထိုသို့ သိမ်းယူပြီးနောက် အဆိုပါ လယ်များပေါ်တွင် ယခုနှစ် မိုးရာသီတွင် လယ်ထွန်စက်များဖြင့် ထွန်ယက်ရာ လယ်သမားများတွင် လုပ်စားစရာ မြေမရှိတော့သဖြင့် ပြည်နယ်ဝန်ကြီးချုပ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာရင်း ဦးစီးဌာနတို့အား တိုင်ကြားခဲ့သည်ဟု ဆိုသည်။

ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် မြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ ယခု လယ်မြေများမှာ ကန်စောက်တောင်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသော လယ်မြေများ ဖြစ်ကြသဖြင့် တပ်ရင်းနှင့် တစ်စုံတစ်ရာ ပတ်သက်မူ မရှိဆိုကာ လယ်သမားများအား ပြန်ပေးခဲ့သည်ဟု ဆိုသည်။

ကျောက်တော်မြို့နယ် မြေစာရင်းဌာနမှလည်း မြေများကို ကွင်းဆင်း တိုင်းတာခဲ့ပြီး ကန်စောက်တောင် အရှေ့ဘက်ရှိ လယ်မြေများမှာ တပ်ရင်း ၅၃၉ သိမ်းယူထားသောလယ်မြေများထဲတွင် မပါဝင်ဟု ဆိုကာ တောင်သူ လယ်သမားများဘက်မှ ရပ်တည်ပေးခဲ့သည်ဟု သိရသည်။

သို့သော် တပ်ရင်း ၅၃၉ တပ်ရင်းမှ တာဝန်ရှိသူများသည် အဆိုပါမြေများမှာ တပ်ရင်းပိုင် မြေများ ဖြစ်သည်ဟု ဆိုကာ ကကကြည်းသို့ သတင်းအမှားတင်ပြီး လယ်မြေများကို တပ်ရင်းပိုင် ဖြစ်သည်ဟု ပြောဆိုကာ ယခုကဲ့သို့ အင်အားသုံး ကျူးကျော်လာခဲ့ခြင်း ဖြစ်သည်ဟု ကျေးရွာ လူကြီး တစ်ဦးက ပြောဆိုသည်။

၅၃၉ တပ်ရင်းမှ တာဝန်ရှိသူများသည် နှစ်ရှည်လများ လုပ်ကိုင် စားသောက်လာသည့် ကန်စောက်တောင်နှင့် တပ်ရင်းအနှီး တ၀ိုက်ရှိ သီးနှံစိုက်ခင်းများ၊ ဥယာဉ်ခြံမြေများအားလည်း တပ်ရင်းပိုင် ဖြစ်သည်ဟု ဆိုကာ နှစ်စဉ် ဥယာဉ်ခြံ ပိုင်ရှင်များထံမှ ငွေကောက် စားနေသည်ဟု သိရသည်။
ထိုကဲ့သို့ စစ်တပ် တပ်ရင်းများမှ တာဝန်ရှိသူများသည် တပ်မတော်ကို ခုတုံး လုပ်ပြီး သူတို့ကိုယ်ကျိုးစီးပွားကို တည်ဆောက်နေကြသဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာမှာ လူထု အကြားတွင် ကျ ဆင်းနေသလို တဘက်တွင်လည်း ရခိုင် တောင်သူ လယ်သမားများမှာ အထူး ဒုက္ခ ဆင်းရဲ အကျပ်အတည်းနှင့် ကြုံတွေ့နေကြရသည်။

ရခိုင်ပြည်နယ်တွင် စစ်တပ်မှ လယ်မြေများကို သိမ်းယူနေသဖြင့် လယ်သမား အများအပြားမှာ လယ်မဲ့ယာမဲ့ ဘ၀သို့ ကျရောက်ခဲ့ရပြီး လုပ်ကိုင်စားသောက်စရာ မရှိသဖြင့် တစ်နေ့ထက် တစ်နေ့ ဆင်းရဲ ကျပ်တည်းလာခဲ့ပြီး ရခိုင်ပြည်နယ်မှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် တစ်ခု ဖြစ်လာခဲ့ရသည်။

နိုင်ငံတော် သမ္မတကြီးမှ ဆင်းရဲမွဲတည်မူ တိုက်ဖျက်ရန် အစီအစဉ်အား လူသိ ရှင်ကြား ထုတ်ဖေါ် ကျေညာခဲ့မူကြောင့် ရခိုင်လူထု အားတက်ခဲ့သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ ပြောင်းလဲမူ မရှိဘဲ စစ်တပ်က လယ်မြေများကိုသာ ဆက်လက်၍ သိမ်းယူနေသဖြင့် ရခိုင်လူထုမှာ ခိုကိုးရာမဲ့ ဖြစ်ကာ လက်ရှိ အစိုးရ အပေါ်တွင်လည်း အထူး စိတ်ပျက်နေကြသည်ဟု ဆိုသည်။

No comments: