Thursday, November 8, 2012

အောင်ဂျာယန် အစိုးရတပ်အား KIO အရပ်သားတပ်မှ ပစ်ခတ် ၁ ဦးသေ

KNG

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမှ ဆယ်မိုင်အတွင်း မြန်မာအစိုးရ အောင်ဂျာယန် (Awng Ja Yang) တပ်စခန်းကို နိုဝင်ဘာ ၆ ရက် အင်္ဂါနေ့က MHH ခေါ် KIO အရပ်သားတပ်ဖွဲ့မှ တိုက်ခိုက်ရာ အစိုးရစစ်သား ၁ ဦး သေဆုံး ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်မှ လိုင်ဇာ သွားလမ်းတွင်တပ်ချထားသော အစိုးရတပ်ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၅) တပ်ရင်း (၁၈) အောက် MHH ပြည်သူ့စစ်များ ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက် လိုက်ခြင်းဖြစ်သည်။

“စခန်းကို သွားပစ်တယ်။ ကျွန်တော်တို့က အပြင်ကနေကြည့်ပြီး ခိုးပစ်လိုက်တာ။ ဒဏ်ရာရတာတော့ အတိအကျမသိဘူး။” ဟု အရာရှိ တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ထိုအစိုးရစခန်းတွင် အင်အား ၇၀ ကျော်ရှိပြီး တပ်သားများသည် စခန်းအတွင်းမှအပြင်သို့ လှုပ်ရှားလာချိန်တွင်ပစ်ခတ်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။

၎င်းမြန်မာအစိုးရတပ်သည် နမ့်ဆန်ယန် (Nam San Yang) တံတားအနီး အောင်ဂျာယန်ကျေးရွာဦးတွင် တပ်ချထားခြင်းဖြစ်သည်။

မြန်မာအစိုးရတပ်မှ ထိခိုက်သေဆုံးမှုဖြစ်ပွားပြီးနောက်ည ၁၁ နာရီခွဲချိန်တွင် KIA စခန်းဖက်သို့ဒေါ့ဖုန်း ယန်မြန်မာအစိုးရခလရ (၁၄၂)တပ်မှ အမြောက် ၁၀၅ မမ ဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ရာ လဂျားယန် (Laja Yang) ကျေးရွာ အိမ်များအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

အဆိုပါ အောင်ဂျာယန် (Awng Ja Yang) ကျေးရွာရှိ ဒေသခံများသည် စစ်ပွဲစတင်ဖြစ်ပွားလာချိန်မှစ၍ လိုင်ဇာ ဗဟိုဌာနချုပ် ဒုက္ခသည် စခန်း သို့ လုံခိုလျက်ရှိကြောင်းသိရသည်။

No comments: