ABC
မြန်မာနိုင်ငံမှာ ဆောက်လုပ်မယ့် ထားဝယ်စီမံကိန်းကို မြန်မာက ကြီးစိုးချုပ်ကိုင်မှု မလုပ်ပဲ ထိုင်းနိုင်ငံကို လွဲအပ်ပေးလိုက်တယ်ဆိုတဲ့ စိုးရိမ်သံတွေထွက်ပေါ်ပြီးနောက် မြန်မာအစိုးရက ထားဝယ်ရေးနက် ဆိပ်ကမ်းစီမံကိန်းကို မြန်မာကပဲ ဆက်လပ်အုပ်ချုပ် စီမံနေတယ်လို့ ပြောပါတယ်။
၂၀၀၈ ခုနှစ်က စတင်ခဲ့တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ထိုင်းနိုင်ငံအခြေစိုက် အီတာလျံ-ထိုင်း ကုမ္ပဏီက ငွေစိုက်ထုတ်နိုင်မှု အခက်အခဲ ဖြစ်နေတာကြောင့် နိုင်ငံတကာက ငွေတွေကို ချေးဌားနိုင်အောင် ပင်မကုမ္ပဏီတစ်ခုဖြစ်တဲ့ Special Purpose Vehicle-1 က ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ရုံသာဖြစ်ပြီး အဲဒီ ပင်မကုမ္ပဏီကပဲ စီမံကိန်းလုပ်ငန်းတွေ လုပ်ကိုင်နေတာလို့ပြောပါတယ်။
ပင်မကုမ္ပဏီ SPV-1 ကို ထိုင်းနိုင်ငံမှာ မှတ်ပုံတင်တဲ့အတွက် မြန်မာနဲ့ သဘောတူလက်မှတ်ရေးထိုးထားတဲ့ ထိုင်း-အီတာလျံကုမ္ပဏီကို ဖယ်ထုတ်တာမျိုးမဟုတ်ပဲ ထိုင်း-အီတာလျံကုမ္ပဏီကို အတိုင်းအတာတစ်ခုအထိ လုပ်ခွင့်ပေးထားတုန်းပဲလို့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကပြောပါတယ်။
“အီတာလျံထိုင်းကိုမထုတ်ပါဘူး။လက်ရှိမှာသူက နိုင်ငံခြားကုမပ္ပဏီအနေနဲ့ ကူလုပ်နေတဲ့အတွက် သူ့ကို လုပ်ခွင့်ပေးထားတယ်။ဘယ်အချိန်ထိသူလုပ်လို့ ရမလဲ ဆိုတော့ ထိုင်းမှာ ဖွဲ့စည်းပြီးဖြစ်တဲ့ ပင်မကုမပ္ပဏီ SPV1 (Special Purpose Vehicle-1 ) နဲ့ ဒီကထားဝယ်အထူးစီးပွါးရေးဇုန်စီမံခန့်ခွဲမှု ကော်မတီအကြားက ချုပ်ဆိုမယ့် Framework Agreement နဲ့အညီ အသက်ဝင်တဲ့အချိန်မှာ သူ့ကို ထုတ်ခွင့်ပြုမယ်။နောက်ပိုင်းမှာ သူကဘယ်လိုဖြစ်မလဲဆိုတော့ လုပ်ငန်းအလိုက်လုပ်တဲ့ ကုမပ္ပဏီပေါ့။ဥပမာလမ်းဖောက်တယ်။ဆိပ်ကမ်းလုပ်မယ်။စက်မှုဇုန်တွေလုပ်မယ်။လျှပ်စစ်တွေလုပ်မယ်။အဲဒီမှာ ကုမပ္ပဏီတစ်ခုအနေနဲ့ ယှဉ်ပြိုင်နိုင်တယ်။ သူ့ရဲ့လုပ်ပိုင်ခွင့်ကို အခုဖွဲ့စည်းပြီးသားဖြစ်တဲ့ ပင်မကုမပ္ပဏီ ဖြစ်တဲ့ SPV1 (Special Purpose Vehicle-1 ) နဲ့ ဇုန်ကော်မတီချုပ်ဆိုတဲ့ Framework Agreement နဲ့အခုက ညှိနေပါတယ်။ အဲဒီစာချုပ်ချုပ်ပြီးတဲ့အထိသူက လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေကို လုပ်ပိုင်ခွင့် ပေးထားတယ်။”
စီမံကိန်းတွေမြန်ဆန်ဖို့ မြန်မာနဲ့ ထိုင်းအစိုးရချင်း ပူးပေါင်းဆောင်ရွက်ဖို့လိုလာတဲ့အတွက် ပင်မကုမ္ပဏီဖြစ်တဲ့ Special Purpose Vehicle-1 ကို နှစ်နိုင်ငံ ပူးတွဲတည်ထောင်ခဲ့ရတာလို့ ဇူလိုင်လ ၂၇ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာဖြစ်ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖေါ်မှုမှာ ငွေကြေးအခက်အခဲတွေ ဖြစ်နေတဲ့အတွက် စီမံကိန်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့ ဂျပန်နိုင်ငံကို မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်ထားပေမယ့် ဂျပန်နိုင်ငံက စောင့်ကြည့်လေ့လာနေတဲ့ အနေအထားမှာ ရှိနေပြီး ခုလောလောဆယ် ထိုင်း၊ မြန်မာ၊ ဂျပန် သုံးနိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းရေးဆွဲရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်က ပြောပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းထဲမှာ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး၊ ထိုင်း-မြန်မာ အဝေးပြေးလမ်းမဆောက်လုပ်ရေး၊ စက်မှုဇုန်ဆောက်လုပ်ရေး၊ စီးပွားရေးအဆောက်အဦးတွေအပြင် ဆေးရုံ၊ ကျောင်း၊ အလုပ်ရုံ၊ ဈေးဆိုင်အစရှိတာတွေပါ ဆောက်လုပ်မယ့် စီမံကိန်းကြီးဖြစ်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ဘီလီယံ ၅၀ ရှိမယ့် စီမံကိန်းကြီးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အပြီးသတ်နိုင်ဖို့ မျော်လင့်နေကြတဲ့အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် မေငယ်က သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment