Tuesday, July 30, 2013

ကရင်ပြည်နယ်အတွင်း မြေပြိုမှုများ ဖြစ်ပေါ်နေ

နန်းမြင့်၊ နန်းလွင်နှင်းပွင့် | အင်္ဂါနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၃

ရေကြီးမှုကြောင့်လည်း အိမ်ထောင်စုများ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရ . . .

ကရင်ပြည်နယ်အတွင်း ကော့ကရိတ် - မြ၀တီလမ်းပိုင်း အချို့နေရာများတွင် မြေပြိုမှုများ ဖြစ်ပေါ်နေပြီး ခရီးသည်များ အဆင်မပြေ ဖြစ်နေသည်ဟု KNU/ KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးက မဇ္ဈိမသို့ပြောသည်။

ယင်းလမ်းတစ်လျှောက် အချို့နေရာများတွင် ဒေါနတောင်တန်း မြေပြိုမှုကြောင့် လမ်းသွားသည့် ခရီးသည်များ အဆင်မပြေ ဖြစ်နေပြီး ဇူလိုင် ၂၉ ရက်တွင် အခြေအနေ ပိုဆိုးလာပြီဖြစ်သည်ဟု ၄င်းက ဆိုသည်။

ဗိုလ်မှူးကြီးတိုက်ဂါးက “အခုလောလောဆယ် လမ်းသွားနေတဲ့ ခရီးသည်တွေ အဲဒီမှာ ပိတ်မိနေတယ်၊ ခရီးသည်တွေက ရှေ့က တောင်တွေကလည်း မြေပြိုနေတော့ ရှေ့လဲတိုးလို့မရဘူး၊ နောက်မှာလည်း လမ်းပြိုနေတော့ နောက်လဲပြန်ဆုတ်လို့ မရ ဖြစ်နေတယ်။ အခုထိ ဘယ်ကမှလာပြီး မလုပ်ပေးသေးဘူး” ဟု ဇူလိုင် ၂၉ ရက်တွင် မဇ္ဈိမ၏ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

ရေတိုက်စားသဖြင့် ဒေါနတောင်တန်း မြေပြိုမှုမှာ ယခင်နှစ်များတွင် ဖြစ်လေ့ဖြစ်ထရှိသော်လည်း ယခုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရခြင်းမရှိဟုလည်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ကြီးညီညီက ပြောသည်။

၎င်းက “ဒီဒေသမှာက အရင်ကလည်း ဖြစ်ဖူးပါတယ်၊ ဒါပေမယ့် အခုလို မဟုတ်ဘူး။ ကျွန်တော်တို့ မြင်ရတာတော့ အရင်က မြေပြိုတာတွေထက် ဆိုးတယ်၊ ကယ်ဆယ်ရေးတွေဘက်က လူအင်အားနဲ့ လုပ်လိုက်ရင်တော့ မြန်မယ်လို့ ထင်တယ်၊ ကျွန်တော်တို့တွေလည်း ကြိုးစားပြီး သက်ဆိုင်ရာကို ဆက်သွယ်နေတယ်၊ ဘယ်လိုမှ ဆက်သွယ်လို့မရဖြစ်နေတယ်”ဟု ဆိုသည်။

ကရင်ပြည်နယ်တွင်း လှိုင်းဘွဲ့၊ မြ၀တီ၊ ကော့ကရိတ်မြို့များတွင် ရေကြီးမှုများဖြစ်ပေါ်နေပြီး ရေကြီးမှုဒဏ် ခံစားနေရသည့် ဒေသခံများကို ဇူလိုင်လ ၂၅ ရက်မှ စတင်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည်ဟုမြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ အဆင်မြင့်အရာရှိတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ အရာရှိက “အခုက မြစ်တွေ၊ ချောင်းတွေက ရေတွေက တက်လာတော့ ကယ်ဆယ်ရေးစခန်းတွေကို ပို့နေရပြီ။ အရင်နေ့တွေ မြ၀တီ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့က ရေကြီးဒဏ်ခံနေရတဲ့ သူတွေကို ရွှေ့ပြီးပြီ၊ အရေးပေါ်အခြေအနေတော့ မဟုတ်သေးဘူး၊ ဒါပေမယ့် အိမ်ထောင်စု တော်တော်များများကတော့ ကယ်ဆယ်ရေးစခန်းတွေကို ရောက်နေပြီ”ဟု အခြေအနေကို ရှင်းပြသည်။

ဒုက္ခသည်များ ကယ်ဆယ်ရေးအတွက် အဖွဲ့ဝင် ၃၅ဦးစီ ပါဝင်သည့် ကယ်ဆယ်ရေးတပ်ဖွဲ့များကို မီးသတ်ဦးစီးဌာနမှ ဦးစီး၍ မြို့နယ်တစ်ခုလျှင် တစ်ဖွဲ့ ဖွဲ့ထားသည်။

လက်ရှိ မိုးရာသီကာလတွင် ရေကြီး၊ မြေပြိုမှုများကြောင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ ထပ်မံ တိုးချဲ့ထားသည်ဟုလည်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။

ရေကြီးမှုများကြောင့် ကရင်ပြည်နယ်အတွင်းမှ ဒေသခံများ ကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေပြီးကော့ကရိတ်မြို့တွင် အိမ်ထောင်စု ၁၂ စုမှ လူဦးရေ ၇၂ ဦးသည် ကယ်ဆယ်ရေးစခန်းတစ်ခုတွင် နေထိုင် နေရသည်။ ယင်းအပြင် လှိုင်းဘွဲ့မြို့ရှိ အိမ်ထောင်စု ၄၉ စုမှ လူဦးရေ ၆၀၃ ဦးကို ကယ်ဆယ်ရေးစခန်း ၇ ခုတွင် ထားရှိပြီးမြ၀တီမြို့ရှိ အိမ်ထောင်စု ၁၁၅ စုမှ လူဦးရေ ၅၇၈ ဦးကို ကယ်ဆယ်ရေးစခန်း ၂ ခုတွင် ပြောင်းရွှေ့ထားရသည်ဟု မီးသတ်ဦးစီးဌာန၏ ဇူလိုင် ၂၈ ရက်အထိ စာရင်းများအရ သိရသည်။

ဘားအံမြို့မှ ဒေသခံတစ်ဦးဖြစ်သူ မပိုင်ပိုင်က “ဘားအံမှာ အခု ရေတက်နေပြီ၊ အခု ဆေးရုံကြီး နောက်ဘက်တောင်ရောက်နေပြီ၊ တချို့နေရာတွေမှာ ကမ်းနဖူးကအိမ်ရှိတဲ့နေရာတွေမှာ မြေနံရံတွေပြိုနေတယ်၊ တချို့ အိမ်မရှိတဲ့နေရာမှာလည်း မြေပြိုတာတွေ ဖြစ်နေပြီ၊ သွားလို့ လာလို့တော့ ရသေးတယ်” ဟု မဇ္ဈိမ သို့ ဖုန်းဖြင့် ပြောသည်။

မြ၀တီမြို့တွင် ရေတက်နေသည်မှာ အချို့နေရာများတွင် ၁၀ ပေကျော်ခန့် အထိပင် ရှိနေပြီး မြ၀တီနှင့် ကော့ကရိတ်ကူးသည့် ဂျိုင်းမြစ်ကူးတံတားမှာလည်း ဇူလိုင် ၂၉ ရက်တွင် နစ်မြုစ်သွားပြီဖြစ်သည်ဟု မြ၀တီမြို့ဒေသခံ ကိုရဲက မဇ္ဈိမသို့ ဖုန်းဖြင့်ပြောသည်။

ယခုလအတွင်းတွင် မြန်မာနိုင်ငံတွင်း ဒေသတအချို့တွင် ရေကြီးမှုများဖြစ်ပေါ်နေပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့တွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်နေသည်။

No comments: