Saturday, July 27, 2013

ရီမွန်မက်ဆေးဆေး ဆုလက်ခံယူရန် လဖိုင်ဆိုင်ရော် တက်ရောက်ရန်ရှိ

ရွှေဟင်္သာ

၂၀၁၃ ခုနှစ် အတွက် ရီမွန် မက်ဆေးဆေး ဆုရှင် တဦးဖြစ်သူ ကချင်သူ လဖိုင်ဆိုင်ရော် (Lahpai Seng Raw) သည် သြဂုတ် (၃၁) ရက်နေ့တွင် ဖိလစ်ပိုင် နိုင်ငံ မနီလာ မြို့၌ ကျင်းပသည့် ဆုပေး ပွဲသို့ သြဂုတ်လ (၂၆) ရက်နေ့တွင် သွားရောက်မည် ဖြစ်ကြောင်း ယနေ့ ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။

“ ဆုပေး ပွဲကို ကိုယ်တိုင် တက်ယူ ပါ့မယ်။ အထူးသဖြင့် မေတ္တာ ဖေါင်ဒေးရှင်းက ဒါရိုက်တာ စိုင်းစမ်ခမ်းနဲ့ အတူ သွားဖို့ အစီအစဉ် ရှိပါတယ်။ ဆုပေးပွဲ ကတော့ သြဂုတ် (၃၁) ရက်နေ့ မှာပါ။ သွားမှာက သြဂုတ် (၂၆) ရက်နေ့ ဖြစ်ပါတယ်” လဖိုင် ဆိုင်ရော် က ဆိုပါသည်။

လဖိုင် ဆိုင်ရော်သည် ကချင် ပြည်နယ် တွင်း၌ ဖြစ်ရှိ နေသော ပြည်တွင်း စစ်ပွဲ များကြောင့်ဘ၀ ပျက်ကြ ရသောလူမှု အသိုင်း အ၀ိုင်းကို ပြန်လည် ထူထောင် ရာတွင် ကြိုးပမ်းသည့် အနေနှင့် (၁၉၉၇) ခုနှစ်တွင် အရေးပေါ်ကူညီရေး စခန်းကို ပူးတွဲ ထူထောင် ခဲ့သူ ဖြစ်ပါသည်။ ဤသို့ကြောင့် လူမှု အဖွဲ့အစည်း အတွင်း အကြမ်း မဖက်သော နည်းဖြင့် ငြိမ်းချမ်းသော အနာဂတ်ကို ထူထောင် ရာ၌ ဆွေးနွေး ညှိနှိုင်း ရေးကိုပံ့ပိုး ကူညီ ပေးခဲ့သူ ဟု မက်ဆေးဆေး ဆုပေးရေး ကော်မတီက ဖော်ပြ ထားပါသည်။

လဖိုင် ဆိုင်ရော်သည် အသက် ၆၄ နှစ် ရှိပြီ ဖြစ်ပြီး၊ ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှ ဖွားမြင်သူ ဖြစ်ပါသည်။ ၄င်းသည် အရေးပေါ်ကူညီရေး အဖွဲ့နှင့် အတူတပြည်လုံး အနှံ့ လူပေါင်း (၆) သိန်း ခန့်ကို အကူအညီ ပေးခဲ့ သည်ဟု ဆိုပါသည်။

ရေမွန် မက်ဆေးဆေး ဆုသည် အာရှ၏ နိုဘယ် ငြိမ်းချမ်းရေး ဆုဟု တင်စား ခေါ်ဝေါ်သည့် လူ့အခွင့် အရေးဆု ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် မက်ဆေးဆေး ဆုကို လဖိုင် ဆိုင်ရော် အပါ အ၀င် အာဖဂန်နစ္စတန်၏ မြို့တော်ဝန်၊ ဖိလစ်ပိုင် ဆရာဝန် တဦး၊ အင်ဒိုနီးရှား လဘ်စားမှု တိုက်ဖျက်ရေး အဖွဲ့နှင့် နီပေါ လူကုန်ကူးမှု တိုက်ဖျက်ရေး လူမှု အဖွဲ့ တို့ကို ပေးအပ် ခဲ့ကြောင်း ဗုဒ္ဓဟူး နေ့က ထုတ်ပြန် ကြေညာ ခဲ့ပါသည်။

ရီမွန် မက်ဆေးဆေးဆု ဆိုသည်မှာ ၁၉၅၇ ခုနှစ်၌ လေယာဉ် ပျက်ကျပြီး ကျဆုံး သွားခဲ့သော ထင်ရှားသည့် ဖိလစ်ပိုင် သမ္မတ ရီမွန် မက်ဆေးဆေးကို ဂုဏ်ပြုသော အားဖြင့်လူမှု အသိုင်း အ၀ိုင်းကို ကောင်းမွန် လာအောင် ပြောင်းလဲ လုပ်ဆောင် ပေးသူ များနှင့် အဖွဲ့ များကို နှစ်စဉ် ချီးမြင့် နေခြင်း ဖြစ်ပါသည်။

No comments: