Monday, July 29, 2013

ရှစ်လေးလုံး ငွေရတုပွဲလာရန် ဗီဇာခက်ခဲသူများ အချက်အလက်အပြည့်အစုံ တင်ပြနိုင်ပါက ၀င်ခွင့်အတွက် ကူညီမည်

နန်းလွင်နှင်းပွင့် | တနင်္လာနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၃

ရှစ်လေးလုံး ငွေရတုပွဲသို့ လာရောက်ရန် ဗီဇာအခက်အခဲရှိသည့် ပြည်ပရောက် နိုင်ငံရေးသမားများအနေဖြင့် အချက်အလက် ပြည့်စုံစွာ တင်ပြနိုင်ပါက သက်ဆိုင်ရာက ၀င်ခွင့်ရရှိရန် ဆောင်ရွက်ပေးမည်ဟု ပြောဆိုကြောင်း ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက မဇ္ဈိမသို့ ပြောသည်။

သြဂုတ် ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည့် အဆိုပါပွဲသို့ ပြည်ပရောက် နိုင်ငံရေးသမားများ လာရောက်နိုင်ရန် ဖိတ်ကြားမှုများ ပြုလုပ်ထားပြီး ၎င်းတို့ ၀င်ခွင့် လွယ်ကူစေရန် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့် သက်ဆိုင်ရာနှင့် ညှိနှိုင်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ယင်းသို့ တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်ဟု ၎င်းကပြောခြင်းဖြစ်သည်။

ကိုမြအေးက “ကျွန်တော်တို့ ၈၈ က ပြည်ပကို ရောက်သွားသူတွေရော၊ အကုန်လုံး နိုင်ငံရေးအင်အားစုတွေ အကုန်ပါဝင်နိုင်အောင် ဆောင်ရွက်နေတဲ့ထဲမှာ ဗီဇာအခက်အခဲဖြစ်နေတဲ့သူတွေ နိုင်ငံကို ၀င်လာဖို့ အခက်အခဲဖြစ်နေတဲ့သူတွေ အဆင်ပြေပြေလာနိုင်အောင် သက်ဆိုင်ရာတွေနဲ့ ညှိနေတာ အခု သက်ဆိုင်ရာက လိုအပ်တဲ့ အချက်အလက်တွေ တင်ပြနိုင်မယ်ဆိုရင် ကူညီမယ်လို့ ကတိရပါပြီ”ဟု ဆိုသည်။

တက်ရောက်လိုသူများအနေဖြင့် ကိုယ်ရေးအကျဉ်းနှင့်တကွ မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် ခုနှစ်အတိအကျ၊ မည်သည့်နိုင်ငံများတွင် နေထိုင်ခဲ့ပြီး မည်သည့်အဖွဲ့အစည်းများတွင် လုပ်ကိုင်ခဲ့သည်တို့အား အပြည့်အစုံ ရေးသားကာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသို့ ပေးပို့ရမည်ဖြစ်ပြီး ယင်း အချက်အလက်များကို သက်ဆိုင်ရာသို့ ဆက်လက် တင်ပြသွားမည်ဟုလည်း ကိုမြအေးက ဆိုသည်။

“လာပြီး တက်ရောက်မယ့်သူတွေဆီကနေ သူတို့ရဲ့ လိုအပ်တဲ့အချက်အလက်တွေ ရပြီဆိုရင် ကျွန်တော်တို့က သက်ဆိုင်ရာကို တင်ပြသွားမယ်၊ အခုတော့ ဘယ်နှစ်ယောက်လောက် ရှိတယ်ဆိုတာ စာရင်းပိုင်းကို မပြောနိုင်သေးဘူး”ဟုလည်း ၄င်းက ဆိုသည်။

ရှစ်လေးလုံး ငွေရတု အခမ်းအနားအား သြဂုတ် ၆ ရက်မှ ၈ ရက်အထိ သုံးရက် ကျင်းပသွားမည်ဖြစ်ပြီး ၈ ရက်နေ့မတိုင်မီတွင် ဒီမိုကရေစီရေး၊ လက်ရှိပြည်တွင်း နိုင်ငံရေးအခြေအနေများနှင့်ပတ်သတ်သည့် ခေါင်း စဉ် ၆ ခုအောက်တွင်ရှိသည့် စာတမ်းများ ဖတ်သွားမည်ဖြစ်ကာ လက်ရှိအချိန်ထိ စာတမ်း ၁၀၀ ကျော် လက်ခံရရှိပြီးဖြစ်သည်ဟုလည်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ သိရသည်။

အဆိုပါပွဲကို ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးအင်အားစု အဖွဲ့အစည်း ၂၀ ကျော်ကလည်း အခမ်းအနားဖြစ်မြောက်ရေး ကော်မတီများဖွဲ့စည်းကာ အပတ်စဉ် အစည်းအဝေးများ ပြုလုပ်ပြီး မေလမှ စတင်၍ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

အစည်းအဝေးပွဲများတွင် ပါဝင်ဆွေးနွေးခဲ့သူ ဗကသများ အဖွဲ့ချုပ်မှ ကိုကျော်ကိုက “ရှစ်လေးလုံး အခမ်းအနားကို ရှစ်ရက် ရှစ်လပိုင်းမှာ ကြီးကျယ်စွာ လုပ်နိုင်ဖို့ ကျွန်တော်တို့ ကဏ္ဍအလိုက် လုပ်ဆောင်နေပါတယ်”ဟု ပြောသည်။

ရှစ်လေးလုံး ငွေရတု အခမ်းအနား ကျင်းပရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မတည်ငွေ သိန်း ၁၀၀ အပါအ၀င် ဇူလိုင်လ ၂၇ ရက်အထိ နိုင်ငံရေးအင်အားစုများ၊ အခြား အလှူရှင်များထံမှ လှူဒါန်းငွေပေါင်း စုစုပေါင်း ကျပ်သိန်း ငါးရာနီးပါးနှင့် စင်ကာပူဒေါ်လာ ၁၂၂၀(ကျပ် ကိုးသိန်းကျော်)၊ အမေရိကန်ဒေါ်လာ ၁၃၀၀ (ကျပ် ၁၃ သိန်းနီးပါး) လက်ခံရရှိပြီး ဖြစ်သည်ဟု ၈၈၈၈ Silver Jubilee facebook စာမျက်နှာတွင် ဖော်ပြထားသည်။

No comments: