Tuesday, July 30, 2013

ဒုက္ခသည်များအား စိတ်ခွန်အားဖြည့် ဖျော်ဖြေမှု အစီစဉ်ပြုလုပ်

KNG

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်နယ်မြေ လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းများတွင် လူမှုကူညီရေးအသင်း (The Action Time Foundation) မှ လာရောက်ကာ ဒုက္ခသည်များအား ‘စိတ်ခွန်အားဖြည့်’ ဖျော်ဖြေတင်ဆက်မှုအစီစဉ်ကို လိုင်ဇာမြို့အထက်တန်းကျောင်း ရောတ်နှိမ်ခေါင်ခန်းမ (Rawt Ninghkawng Gawknu) တွင် ဇွန်လိုင်လ (၂၈) ရက်ညက ပြုလုပ်ခဲ့ကြောင်းသိရသည်။

“အဓိကကျွန်တော်တို့ ရည်ရွယ်ချက်သုံးခုနဲ့ ဒီကိုလာတယ်။ ပထမတစ်ခုက စာကြည့်တိုက်လုပ်ဖို့၊ ဒုတိယကျတော့ဖျော်ဖြေရေး၊ နောက်တစ်ခုကဆေးဝါးပေါ့ ။ အရင်တစ်ခေါက်လာတုန်းက ကေအိုင်အိုဘက်က စစ်ပြေးဒုက္ခသည်တာဝန်ခံရဲ့ ဖိတ်ခေါ်မှုနဲ့ IDP အထက်တန်းကျောင်းမှာ စာကြည့်တိုက်လုပ်ဖို့ဖိတ်ခေါ်ခဲ့တယ်။ ဒါနဲ့ စာကြည့်တိုက်လုပ်ဖို့ ဒါရိုက်တာနဲ့သွားပြီး ဆွေးနွေးတယ် အဆင်ပြေတယ်။ နောက်ပြီး အခုတစ်ခါသွားရင် စိတ်ခွန်အားဖြည့်ဖျော်ဖြေရေးအစီအစဉ်ရယ်၊ မိုးတွင်းမှာအဖြစ်များနေတဲ့ဝမ်းရောဂါနဲ့ ငှက်ဖျားဆေးဝါးတွေလည်းပါလာတယ်” ဟု The Action Time Foundation အဖွဲ့ဝင် ကိုအောင်ဆပ် (Aung Sat) ကပြောသည်။

ထိုအဖွဲ့မှယခုလိုလာရောက်ဖျော်ဖြေပေးခြင်းဖြင့် ဒုက္ခသည်ညီအစ်ကို မောင်နှမများ ခဏတာလေးဖြစ်ဖြစ် ပျော်ရွှင်စေလိုကြောင်းနှင့် စိတ်ဓာတ်ခွန်အားဖြည့်ရန်လိုအပ်နေသူများကိုလည်း ဆက်လက် ကူညီမှုပေးရန်ဖြစ်ကြောင်း သိရသည်။

“သူတို့ကို ပျော်ရွှင်စေချင်တယ်။ အခုချိန်ကိုယ့်အိမ်၊ ကိုယ့်ရွာနဲ့ဝေးနေတဲ့အခိုက်မှာ တစ်မိနစ်၊ တစ်ည အချိန်ခဏလေးဖြစ်ဖြစ်သူတို့ ပျော်ရွှင်ရင်ကျေနပ်ပါပြီ။ သူတို့ပျော်ရွှင်တယ်ဆိုရင်ကျေနပ်တယ်” ဟု ကိုအောင်ဆပ်ကပြောသည်။

အစီစဉ်တွင် အိမ်ရှင်အနေဖြင့် ဝန်ပေါင်အနုပညာအဖွဲ့၊ အင်္ဂလိပ်အဆိုတော်များနှင့် အက်ရှင်တိုင်မ်းအဖွဲ့သားများမှလည်း မေတ္တာစေတနာဖြင့် အခမဲ့ လာရောက်ဖျော်ဖြေပေးသွားကြောင်း သိရသည်။

“ကချင်အဆိုတော် မရန်ဆိုင်းနော်၊ ဂျတ်ဆန်ထွန်း၊ အဘားဒီး၊ M.ဆိုင်းလာနဲ့ အဆူးတို့ပါတယ်။ သူတို့ထဲကတော့ ခြောက်ယောက်လောက် ပေါ့။ ဒီလိုလာပြီး ဖျော်ဖြေရေးလုပ်တဲ့အတွက်လည်း ဝမ်းသာတယ်။ ဖိတ်ခေါ်ပါတယ်။ ပြီးခဲ့တဲ့ညကလည်း ဂျေယန့် ဒုက္ခသည်စခန်းမှာ ဖျော်ဖြေ သွားသေးတယ်” ဟု ဝန်ပေါင်အနုပညာအဖွဲ့ခေါင်းဆောင် အဘားဒီကပြောသည်။

ထို့ပြင် ၎င်းအဖွဲ့မှ ပြီးခဲ့သောဇွန်လလယ်တွင်လည်း လိုင်ဇာမြို့အနီးရှိဒုက္ခသည်စခန်းများတွင် ကျောင်းသားများအတွက် စာရေးကိရိယာများ လှူဒါန်းခြင်းနှင့် (၃) ကြိမ်မြောက် လိုင်ဇာသို့ ရောက်ရှိခြင်းဖြစ်ကြောင်း သိရှိရသည်။ ဆက်လက်ပြီး ဇူလိုင် (၂၉၊ ၃၀) ရက်များတွင်လည်း ဒုက္ခသည် စခန်းများတွင် ပရိုဂျတ်တာ ရုပ်ရှင်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

The Action Time Foundation ကို 2008 နာဂစ် မုန်တိုင်းစဖြစ်ချိန်မှ စတင်ဖွဲ့စည်းခဲ့ပြီး၊ အဓိကစိတ်ခွန်အားဖြည့်လုပ်ငန်းများ လူသူ အရောက်အပေါက် နည်းပါးသောဒေသများတွင် စာကြည့်တိုက်ဖွင့်ပေးခြင်းလုပ်ငန်းများ၊ ဆင်းရဲနွမ်းပါးသော ဘိုးဘွားရိပ်သာများတွင် စားနှပ် ရိက္ခာ ဆန်၊ ဆီ၊ ဆားလှူသော လုပ်ငန်းများနှင့် ဒုက္ခသည်စခန်းတွင် လှည့်လည် ဖျော်ဖြေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အစီစဉ်သို့လာရောက်ကြည့်ရှုအားပေးသူ ဧည့်သည်များနှင့် ဒုက္ခသည်များစုစုပေါင်း (၁၅၀၀)ကျော် လာရောက်အားပေးခဲ့ကြောင်း သိရသည်။

No comments: