Wednesday, July 31, 2013

ထိုင်း-မြန်မာနယ်စပ်မှာ ရေကြီးနေ

ABC

အခုရက်ပိုင်းအတွင်း ​မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ​ထိုင်းမြန်မာနယ်စပ်တစ်လျောက်က ​သောင်ရင်းမြစ်မှာရေလျှံတက်လာပြီး ​မြစ်ကမ်းအနီးမှာရှိတဲ့ ​မြန်မာနိုင်ငံ ​မြ၀တီမြို့နဲ့ ​ထိုင်းနိုင်ငံ ​မဲဆောက်မြို့တွေမှာ ​ရေကြီးမှု ​ဖြစ်နေတဲ့အတွက် ​နေအိမ်တွေနဲ့ ​စာသင်ကျောင်းတွေ ​ရေနှစ်မြုပ်ပြီး ​ထောင်နဲ့ချီတဲ့ ​ဒေသခံ ​ပြည်သူတွေဟာ ​ရေဘေးလွတ်ရာကို ​ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ​သိရပါတယ်။

ဇူလိုင် ​၂၉ ​ရက် ​နေ့ ​က ​မြန်မာနိုင်ငံ ​မြ၀တီဖက်ခြမ်းမှာ ​ရေကြီးမှုကြောင့် ​ရေဘေးဒုက္ခရောက် ​နေကြတဲ့ ​အခြေအနေတွေနဲ့ပတ်သက်ပြီး ​ရေဘေးဒုက္ခသည်တစ်ယောက်က ​အခုလို ​ပြောပါတယ်။

ကျနော်တို့ ​မြ၀တီဘက်မှာဆိုရင် ​အမှတ်တစ် ​အလယ်တန်းကျောင်းပေါ့ ​ပိတ်သွားပြီ ​ကျန်တဲ့ ​မူလတန်းကျောင်း ​(၅)ကျောင်း ​(၆)ကျောင်းလောက်က ​ရေမြှုပ်နေတာပေါ့ ​ဒီနေ့က ​ဘယ်သူမှကျောင်းမသွားတော့ ​အကုန်လုံး ​ကျောင်းကပိတ်ထားပေရတာပေါ့ ​ကြံခင်းပိုင်းတပိုင်းလုံးမြှုပ်တယ် ​(၂)ထောင်လောက်တော့ ​ရှိမယ် ​ထင်တာပဲ ​အိမ်အလုံးရေပေါင်းပေါ့၊ ​အခက်အခဲကတော့ ​လူတွေကတော့ ​နေစရာထိုင်စရာပေါ့ ​သွားရေးလာရေး ​ကအရမ်းခက်ပါတယ်။

မြန်မာနိုင်ငံတစ်ဖက်ခြမ်းက ​ထိုင်းနိုင်ငံ ​မဲဆောက်မြို့မှာလည်း ​မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ​စာသင်ကျောင်းတွေနဲ့ ​မြေနှိမ့်ပိုင်း ​အတော်များများမှာ ​ရေတွေဝင်လာတဲ့အတွက် ​ထိုင်းစာသင်ကျောင်းတချို့နဲ့ ​SAW ​လို့ခေါ်တဲ့ ​မြန်မာ ​အထက်တန်းကျောင်း ​အပါအ၀င် ​ကျောင်းအတော်များများ ​ပိတ်ထားလိုက်ရတယ်လို့ ​သိရပါတယ်။

ဒါ့အပြင် ​သောင်ရင်းမြစ်ကမ်းနဘေးမှာ ​နေထိုင်နေကြတဲ့ ​မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ​နေအိမ်တန်းလျားတွေမှာလည်း ​အိမ်ခေါင်မိုးလောက်ထိ ​ရေမြုပ်ခဲ့လို့ ​မနက်လင်းအားကြီးချိန် ​ကတည်းက ​ရေဘေးလွတ်ရာ ​ဘုန်းတော်ကြီးကျောင်းတွေမှာ ​ခိုလှုံနေကြရတယ်လို့လည်း ​သိရပါတယ်။

မဲဆောက်မြို့က ​မယ်တော်ရပ်ကွက်မှာရှိတဲ့ ​ဘုတ်ဖိုဘုန်းတော်ကြီးကျောင်းမှာတော့ ​ရေဘေးဒုက္ခရောက်နေကြတဲ့ ​မြန်မာရွှေ့ပြောင်းအလုပ်သမား ​၉၀၀ ​ကျော် ​ခိုလှုံနေပြီး ​အကူအညီတွေ ​လိုအပ်နေတယ်လို့ ​ဒီကျောင်းမှာ ​သတင်းသုံးနေတဲ့ ​ဦးဇင်းတစ်ပါးက ​အခုလို ​မိန့်ကြားပါတယ်။

ကမ်းနားတလျောက် ​နေအိမ်တွေမှာ ​ရေကြီးလို့ ​ရေဘေးဒုက္ခနဲ့ကြုံတွေ့တဲ့ ​အခါကြတော့ ​လာရောက်တာပါ။ ​လူဦးရေကတော့ ​ကိုးရာ ​တစ်ထောင်လောက် ​တော့ရှိပါတယ်။ ​စက်ရုံလုပ်သားတွေလည်းပါတယ် ​ရပ်ကွက်နေသူတွေလည်းပါပါတယ်။ 

ဇူလိုင် ​၂၉ ​ရက်နေ့ညနေပိုင်းအထိ ​ရေပြန်မကျသေးပဲဖြစ်နေတဲ့အတွက် ​ရေဘေးဒုက္ခ ​သည်တွေ ​စားသောက်ဖို့ ​အကူအညီတွေ ​အရေးပေါ်လိုအပ်နေတယ်လို့ ​သိရပါတယ်။ ​ဘင်္ဂလားပင်လယ်အော် ​အနောက်မြောက်ဒေသမှာ ​လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေတဲ့အတွက် ​မြန်မာနိုင်ငံတွင်းမှာလည်း ​မိုးသည်းထန်မှုတွေ၊ ​ရေကြီးမှုတွေ ​ဖြစ်နေတဲ့အကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments: