Monday, July 29, 2013

ထိုင်းနိုင်ငံ လန်စွမ်းမြို့တွင် ကားအက်စီးဒင့်ကြောင့် ရခိုင်အမျိုးသားတစ်ဦးသေဆုံး

မြတ်နိုးခင်

လွန်ခဲ့သော ဇူလိုင်လ ၂၂ ရက်နေ့ (ဝါဆိုလပြည့်နေ့) တွင် ထိုင်းနိုင်ငံ၊ ချုံဖော်ခရိုင်၊ လန်စွမ်းမြို့ရှိ High Way ကားလမ်းမကြီးတွင် မီးမပါဘဲ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးကို ရှောင်တိမ်းရာမှာ ကားအက်စီးဒင့်ဖြစ်ကာ ရခိုင်အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကားအက်စီးဒင့်ဖြစ်ချိန်မှာ ည ၁၀ နာရီဝန်းကျင်ခန့်ရှိပြီး လန်စွမ်းမြို့ရှိ High Way လမ်းမကြီးတွင် လမ်းမအတိုင်း မီးမပါဘဲ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအား တိမ်းရှောင်ရာမှ ၄င်းကားသည် ၆ တောင်အနက်ရှိသော ချောက်ထဲသို့ ကျသွားကြောင်း သိရသည်။

ကားထဲတွင် ဦးအေးမောင်လှ (သေဆုံးသူ)၊ သူ့ဇနီးနှင့် သူ့သား အပါအဝင်၊ ထိုင်းပုလိပ်အရာရှိတစ်ယောက်နှင့် မိန်းကလေး တစ်ယောက်ပါဝင်ပြီး ဒဏ်ရာများစွာရရှိခဲ့ကြသည်။

သေဆုံးသူ ဦးအေးမောင်လှမှာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ပုလဲပေါက်ကျေးရွာမှဖြစ်ပြီး ထိုင်းနိုင်ငံ ဆုန်ခလာမြို့၊ ဘန်းဒါရပ်ကွက်ရှိ ငါးသေတ္တာစက်ရုံတစ်ခုဖြစ်သော (Siam International Food Company) တွင် အလုပ်လုပ် နေသူဖြစ်ကြောင်း၊ သူသေဆုံးချိန်တွင် ဇနီးဖြစ်သူ မမိုးခိုင် အသက် ၃၈ နှစ်နှင့် ၂ နှစ်ခန့်အရွယ် သားတစ်ယောက် ကျန်ရှိခဲ့ကြောင်း သိရသည်။

ကားအက်စီးဒင့်ဖြစ်ပုံနဲ့ ပတ်သက်၍ သူ့ယောက်ဖဖြစ်သူ ဦးသိန်းကြည်က " ကားအက်စီးဒင့်ဖြစ်တာက ဝါဆိုလပြည့်နေ့ တနင်္လာနေ့ ည ၁၀ နာရီဝန်းကျင်လောက်မှာ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ သူတို့က ရနောင်းက ပြန်လာကြတာပါ။ ကားမောင်းတာကတော့ သူနဲ့အတူပါလာတဲ့ ထိုင်းပုလိပ်ပါ။ အဲဒီမှာ လမ်းကမှောင်နေတော့ ထိုင်းပုလိပ်က High Way ကားလမ်းမကြီးအတိုင်း မီးမပါဘဲ မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးကို ကားနားရောက်မှ မြင်ပါတယ်။ အဲဒီမှာ ဆိုင်ကယ်ကို ရှောင်ပြီးတော့ ဂီယာကိုမြှင့်မောင်း လိုက်တာ ကားက ၆ တောင်လောက်နက်တဲ့ ချောက်ထဲကို ကျသွားပါတယ်။ ပြီးတော့ သစ်ပင်ကို ဝင်တိုက်တဲ့ ဖက်ကလည်း ဦးအေးမောင်လှမှီပြီး ထိုင်နေတဲ့ နေရာဖြစ်နေပါတယ်။ သူက ကားမှောက်ပြီးပြီးချင်း မသေပဲနဲ့ ဆေးရုံသို့ ရောက်ပြီးမှ သေဆုံးသွားတာပါ။ ဒဏ်ရာကတော့ ဦးခေါင်းခွံကွဲသွားတယ်။ ညာဖက်မျက်လုံးလည်း ထွက်လုမတတ်ဖြစ်ပြီးတော့ အချို့က အဆုတ်တောင် ကြေသွားတယ်လို့ ပြောကြပါတယ်။ ကားအက်စီးဒင့် ဖြစ်တဲ့အချိန်မှာ သူ့မိန်းမက သူ့ညီမဆီကို ဖုန်းဆက်ပြီးတော့ ပြောနိုင်ပါသေးတယ်။ ကျန်တဲ့သူတွေကတော့ ဒဏ်ရာအဲလောက် မပြင်းထန်ပါဘူး။ သူ့မိန်းမက အလုပ်လုပ်ဖို့ ခေါ်လာတဲ့ မိန်းကလေးတစ်ယောက်ကတော့ ခေါင်းကွဲသွားလို့ ၅ ချက် ချုပ်လိုက်ရပါတယ်။ " ဟုပြောသည်။

သေဆုံးသူ ဦးအေးမောင်လှကို ဆုန်ခလာမြို့၊ ဘန်းဒါရပ်ကွက်ရှိ ဘန်းဒါ ဘုန်းကြီးကျောင်းတွင် ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့၊ နေ့လည် ၁ နာရီ သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။ သူ၏ ဈာပနာ အခမ်းအနားကိစ္စများကို သူလုပ်ကိုင်နေသော ငါးသေတ္တာစက်ရုံ (Siam International Food Company) ကုမ္ပဏီမှ သူဌေးဖြစ်သူက စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

No comments: