Tuesday, July 30, 2013

မောင်တောမြို့နယ် နံ့သာတောင် ပညာဒါန ပရဟိတ စာတင်တိုက်တွင် ပထမ အကြိမ်မြောက် ၀ါဆို သင်္ကန်း ကပ်လှူပွဲ ကျင်းပ

မောင်ရမ္မာ

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် နံ့သာတောင် ရခိုင်အမျိုးသား- အမျိုးသမီး ပညာဒါန ပရဟိတ စာသင်တိုက်တွင် ပထမအကြိမ်မြောက် ၀ါဆိုသင်္ကန်း ကပ်လှူပွဲ ကျင်းပ ပြုလုပ် ခဲ့သည်။ -

အခမ်းအနားအား ဇူလိုင်လ ၂၁ ရက် ၀ါဆိုလပြည့်နေ့တွင်အဆိုပါ ပရဟိတ စာသင်တိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသည့် ရပ်နီးရပ်ဝေးမှ ကျောင်းသားမိဘများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၁၇၀ ခန့်တက်ရောက်ခဲ့သည်ဟု သိရသည်။

ဝါဆိုသင်္ကန်း ကပ်လှူရသည့် ရည်ရွယ်ချက်ကို မူလတန်းကျောင်းအုပ် ဆရာကြီး ဦးဝင်းလှိုင်က ပြောသည်။

“ ကျွန်တော်တို့ မောင်တောမြို့နယ် နံ့သာတောင် ပတ်ဝန်းကျင်မှာ ရှိတဲ့ ကလေးတွေဟာ ဝေးလံ ခေါင်သီတဲ့ နေရာတွေမှာ ဘာသာခြား လူမျိုးခြားတွေနဲ့ နေကြရတာ များတော့ ဘာသာရေး ကိုင်းရှိုင်းမှုတွေ အားနည်းလာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ဘာသာရေး အခြေခံ သဘောတရားတွေကို ကလေးတွေကို သိစေချင်တယ်။ ဒီလို ဘာသာရေးပွဲတွေ လုပ်ပေးခြင်းအားဖြင့် ဘာသာရေးအပေါ် လူငယ်တွေ ပိုမို နားလည် လာပြီး ကိုင်းရှိုင်းမူလည်း ပိုများလာနိုင်တယ်လို့ မျှော်လင့်တဲ့ အတွက် ခုလို ၀ါဆိုသင်္ကန်း ကပ်လှူပွဲကို ပြုလုပ်ပေးတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဝါဆိုသင်္ကန်း ကပ်လှူပွဲမှာ ယခင်က နံ့သာတောင်ကျေးရွ့ာ အနီးအနားရှိ ကျေးရွာများတွင် တကြိမ် တခါမှ ကျင်းပခဲ့ခြင်း မရှိခဲ့ဖူးကြောင်း၊ အစဉ်အလာ မရှိသဖြင့် မကျင်းပကြခြင်း ဖြစ်ကြောင်း၊ ယခုအကြိမ်မှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း၊ နောက်နောင်တွင်လည်း ဤ၀ါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းသော အလေ့အထ ဤဒေသတွင် ထွန်းကားလာမည်ဟု မျှော်လင့်ကြောင်း ဆရာ ဦးဝင်းလိုင်က ဆိုသည်။

ဝါဆိုသင်္ကန်းကပ်လှူပွဲကို နံသာတောင်ကျေးရွာရှိ နယ်စပ်ဒေသ ရခိုင်အမျိုးသား အမျိုးသမီး ပညာဒါန ပရဟိတ စာသင်တိုက်ရှိ ကျောင်းဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများက ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နံက် ၇ နာရီမှ စတင်ကာ အခမ်းအနားကို နမောတဿ သုံကြိမ်း ဖြင့်ဖွင့်လှစ်ခဲ့သည်။ သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တော်များများ ရွတ်ဖတ်ခြင်း၊ ၀ါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုကို ဆက်ကပ်ခြင်း၊ အနူမောဒနာ တရားချီမြောက်ဟောကြားခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ဝါဆိုသင်္ကန်း ဆက်ကပ်ရသည့် အကျိုးကျေးဇူးများကို ဆရာကြီးဦးကျော်ဋ္ဌေးမှ ပြောကြားပြီး ရေစက်ချ အမျှပေးဝေခြင်းနှင့် ရွှေမိုးငွေမိုးရွာ သွန်းခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။


နယ်စပ်ဒေသ ရခိုင်အမျိုးသား/အမျိုးသမီး ပညာဒါန ပရဟိတ စာသင်တိုက်ကို မောင်တောမြို့မ ပရိယတ္တိစာ သင်တိုက် ပဓာန နယကဆရာတော် အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒ န္တ ဦးကေတု၏ လမ်းညွန်ချက်အရ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် စတင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။

No comments: