Sunday, July 28, 2013

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရချင်ရင် သမ္မတကြီး ကြားနေသင့်

မွေခေါဝ်

သမ္မတကြီး ဦးသိန်းစိန် လန်ဒန် ခရီးစဉ်အတွင်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က သမ္မတကြီးကို တွေ့ဆုံ မေးမြန်းထားတာကို ဂျူလိုင် ၁၈ ရက်နေ့စွဲနဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေရာမှာ သျှမ်းပြည်မှာ ကြိုကြားတိုက်ပွဲတွေ ဖြစ်နေရာတာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကို သမ္မတကြီးက “လက်နက်ကိုင်အဖွဲ့တွေက ကျေးလက် လူထုကို ဆက်ကြေးတောင်းနေတဲ့အတွက် သွားရောက်ရှင်းလင်းရတာ ဖြစ်တယ်”လို့ ဖြေကြားခဲ့ပါ တယ်။

သမ္မတကြီးရဲ့ ဖြေကြားချက်ဟာ တိုင်းရင်းသားဒေသကို လာရောက်စိုးမိုးနေတဲ့၊ အခွင့်အရေးတွေကို လာရောက်ချိုးဖောက်နေတဲ့ မြန်မာအစိုးရစစ်တပ်ကို တော်လှန်လာခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံးက မကြေမခြမ်းဖြစ်ကြမှာ သေချာပါတယ်။

မော်စီတုန်းက ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့အစည်းကို ရေထဲကငါးနဲ့ နှိုင်းယှဉ်ပြခဲ့ဖူးပါတယ်။ ရေမရှိရင် ငါးမနေနိုင်သလို ပြည်သူကို အားမကိုးရင် ဘယ်တော်လှန်ရေးအဖွဲ့အစည်းမှ ရပ်တည်နိုင်ကြမှာ မဟုတ် ပါဘူး။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် သဘောတူညီ စာချုပ် မှာ ဘယ်ဘက်က ဘာလုပ်ရင် တိုက်ရမယ်ဆိုတာ မပါဝင်ပါဘူး။ တိုင်းစစ်ဌာနချုပ်ရှိတဲ့ နေရာတိုင်းမှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဆက်သွယ်ရေးရုံးတွေ ဖွင့်ထားပြီးပြီ။ ဒါကြောင့် နှစ်ဦးနှစ်ဖက်ကြားက ပေါ်ပေါက်လာတဲ့ ပြဿနာကို တိုက်မဲ့အစား ဆွေးနွေးညှိနှိုင်း အဖြေရှာသင့်ပါ တယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် အခုလို အပြစ်တင်တာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဒါဟာ မဆိုင်ဘူး၊ မသင့်တော်ဘူးလို့ ထင်ပါတယ်။ တိုင်းရင်းသားတွေကနေ ယုံကြည်မှုရအောင် သမ္မတကြီး ကြိုးစားတည်ဆောက်လာခဲ့တာတွေကို ထိခိုက်စေပါတယ်။

တဖက်ကလည်း တိုင်းရင်းသားတွေဘက်က ယုံကြည်မှု ပြန်လည်ရယူဖို့ နောက်မကျသေးဘူးလို့ မြင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးကို တိုင်းရင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသားပြည်သူ တွေက အထူး မွတ်သိပ်လိုလားတောင့်တနေတဲ့အရာ ဖြစ်နေလို့ပါ။

ဒါကြောင့် တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရယူမယ်ဆိုရင် သမ္မတကြီးက ဘက်မလိုက်ဘဲ အစိုးရစစ် တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ရပ်တည်သင့်ပါတယ်။

ဒါဟာ သမ္မတကြီးအတွက် လွယ်ကူမဲ့ကိစ္စ မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ သမ္မတဖြစ်နေတဲ့ သက်တမ်းမှာ သမ္မတကြီးက ပြည်သူအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် ဖော်ဆောင်ပေး မယ်လို့ ဆုံးဖြတ်ထားရင်တော့ လုပ်ဆောင်ရမှာပါ။ ဒီလမ်းကလွှဲပြီး သမ္မတကြီးမှာ ရွေးစရာလမ်း မရှိ တော့ပါဘူး။

လုပ်ဆောင်နိုင်ပါစေလို့ အထူးဆုမွန်ကောင်း တောင်းပေးပါတယ်။

No comments: