Wednesday, July 31, 2013

မောင်တောမှ အမျိုးသမီး ရွှေချောင်း ၂ ချောင်းဖြင့် ဘင်္ဂလာဒေခ်ျ့တွင် အဖမ်းခံရ

နိရဉ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့မှ ရခိုင် အမျိုးသမီး တစ်ဦးကို ရွှေချောင်း (၂) ခုနှင့် အတူ ဘင်္ဂလာဒေခ်ျ့ နယ်စပ် အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူ အမျိုးသမီးမှာ မောင်တောမြို့မှ မလှမြင့် (၄၃) နှစ် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ဗိုလ်မှူးကြီး ဂျာဟစ် ဟာဆန်က ပြောသည်။

သူမသည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ တစ်ရက်တာ ပတ်စ်ပို့ဖြင့် လာရောက်သူ ဖြစ်ကြောင်း၊ သူမထံမှ အလေးချိန် ၃၃၂ ဂရမ် အလေးချိန်ရှိသော ရွှေချောင်း (၂) ချောင်းကို ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် တစ်နာရီတွင် တက်ကနက် နယ်စပ်မြို့တွင် ဖမ်းမိကြောင်း သူ ဆိုသည်။

သူမအား ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဥပဒေနှင့် အညီ တရားစွဲဆိုသွားမည်ဟု ဂျာဟစ် ဟာဆန်က ပြောသည်။

နိုင်ငံတကာတွင် ရွှေဈေးကျနေရာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံအတွင်းသို့ တရားမ၀င် သွင်းယူလာသော ကုဋေနှင့် ချီ၍ တန်ဖိုးရှိသော ရွှေများကို အာဏာပိုင်များက မကြာခဏ ဖမ်းဆီးမိနေကြောင်း သိရသည်။

လွန်ခဲ့သော ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ဒက္ကားမြို့ရှိ Shahjalal နိုင်ငံတကာ လေဆိပ်တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အတွင်း တင်သွင်းလာသော အလေးချိန် ၁၂၄ ကီလိုရှိသော ရွှေချောင်းများကို ဘင်္ဂလာဒေခ်ျ့ အကောက်ခွန်ဌာနက ဖမ်းဆီးမိခဲ့သည်။ ရွှေချောင်းများ၏ တန်ဖိုးမှာ တာကာ ၅၄ ကုဋေ ဖိုး( မြန်မာကျပ်ငွေနှင့် ကုဋေ ၅၄၀) ရှိကြောင်း သိရသည်။

အလားတူ လွန်ခဲ့သော ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ဒက္ကားမြို့ အဆိုပါ လေဆိပ်တွင် လူ နှစ်ဦး ရွှေ ၈ ကီလိုနှင့် အတူ ထပ်မံ ဖမ်းဆီးမိခဲ့သည်။ ၎င်းရွှေများမှာ ဒူဘိုင်မှ သွင်းယူလာသော ရွှေများ ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့တွင် ရွှေတကျပ်၏ တန်ဖိုးမှာ တာကာ ၄၂၀၀၀ (မြန်မာကျပ်ငွေနှင့်ဆိုလျှင် ၅၀၄၀၀၀) ရှိကြောင်း သိရသည်။

No comments: