Tuesday, July 30, 2013

ဥပဒေ ဖောက်ဖျက်လျှင် မည်သည့်အကျဉ်းသားဟောင်းမဆို ကြွင်းကျန်ပြစ်ဒဏ် ကျခံရမည်

ကေဇင်ဦး | အင်္ဂါနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၃

နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သော်လည်း တည်ဆဲဥပဒေတစ်ခုခုကို ထပ်မံဖောက်ဖျက်ကျူးလွန်သော မည်သူမဆို ကျန်ရှိနေသော ကြွင်းကျန်ပြစ်ဒဏ်ကို ကျခံရမည်ဟု ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဇူလိုင်၂၉ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြောဆိုလိုက်သည်။

လွတ်ငြိမ်းချမ်းသာခွင့် ရရှိပြီးဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ပြစ်ဒဏ်ကြွေးကျန်များ ပြန်လည်ကျခံနိုင်ခြေရှိ မရှိကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ မေးမြန်မှုကို ပြန်လည် ဖြေကြားသွားခြင်း ဖြစ်သည်။

“လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းမှာ ပြစ်မှုအမျိုးအစား ခွဲခြားထားခြင်းမရှိပါ။ ချမှတ်ခံရတဲ့ ပြစ်ဒဏ် မစေ့မီ စည်းကမ်းချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသည့် အကျဉ်းသားက သတ်မှတ်ချက်မှာပါတဲ့ အချက်တစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ပါက ယင်းကျခံရန် ကျန်ရှိသော ပြစ်ဒဏ်ကို ဆက်လက် ကျခံရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဖြေကြားသွားသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးဖြစ်သော နိုင်ငံရေးအကျဉ်းသားများကို ပုဒ်မ ၄၀၁ ဟု ခေါ်ဝေါ်သုံးစွဲနေသည့် ကြွင်းကျန်ပြစ်ဒဏ်ကို အသုံးချကာ အရေးယူမည်မဟုတ်ဟု သမ္မတဦးသိန်းစိန်က ဇွန်လ ၄ရက်တွင် ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ကတိပေး ပြောကြားထားပြီး ဖြစ်သည်။

သို့သော် ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကမူ “အကျဉ်းထောင်အသီးသီးမှာ ပြစ်မှုတစ်ခုခုကြောင့် ပြစ်ဒဏ် ကျခံလျက်ရှိတဲ့ မည်သည့် အကျဉ်းသားများကိုမှမဆို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ နှင့် အကျုံးဝင်ပီး မည်သည့် အကျဉ်းသားကိုမှ ပြစ်ဒဏ် ခွဲခြားထားခြင်း မရှိပါ”ဟု လွှတ်တော်တွင် မေးမြန်းမှုကို ဖြေ ကြား ပြောဆိုသွားခဲ့သည်။

ပြစ်ဒဏ် ကြွေးကျန်များနှင့် ဆက်စပ်၍ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်တွင် ၄၀၁ (၁) လက်မှတ်ရေးထိုးကာ လွတ်မြောက်လာရာ ယခုနှစ် မေလဆန်းပိုင်းက ရဲတပ်ဖွဲ့ဝင်များအား အသရေဖျက်မှုဖြင့် ထောင်ဒဏ်သုံးလ ချမှတ်လိုက်ပြီး ကြွင်းကျန်ပြစ်ဒဏ် ခြောက်နှစ်ကို တစ်ပါတည်းကျခံရန် ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ထုတ်ခဲ့သည်။ ယင်းနောက် ပြန်လည် လွတ်မြောက်လာခဲ့သည်။


အစိုးရသစ်လက်ထက် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းမှာ ဆယ်ကြိမ်မြောက် ရှိပြီဖြစ်သည်။

No comments: