Sunday, July 28, 2013

ရာသီဥတုကြောင့် ရွှေဂက်စ် ဖွင့်ပွဲသို့ ဒု-သမ္မတ မတက်ရောက်နိုင်

သိန်းလှိုင် | တနင်္ဂနွေနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၃

ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် ဇူလိုင်လ ၂၈ ရက်နေ့က ကျောက်ဖြူမြို့တွင် ကျင်းပသည့် ရွှေ သဘာဝဓာတ်ငွေ့၏ ပထမဆုံး ဂက်စ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန်ရှိသည့် ဒု-သမ္မတ ဦးဉာဏ်ထွန်း ၏ ခရီးစဉ်အား ဖျက်သိမ်းခဲ့ရကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုး က မဇ္ဈိမကို ပြောကြားသည်။

“အစတုန်းကတော့ ဖွင့်ပွဲ အခမ်းအနားကို ဒု-သမ္မတကြီး တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ ရာသီဥတုဆိုးရွားနေတာမို့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတာပါ။ ဖွင့်ပွဲ အခမ်းအနားကိုတော့ မနက် ၇ နာရီ ၄၀ မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကိုယ်တိုင် ဖွင့်လှစ်ပေးပြီးတော့ အကျဉ်းရုံး ကျင်းပခဲ့ပါတယ်” ဟု ပြောသည်။

မူလအစီအစဉ်အရ ဖွင့်ပွဲသို့ ဒု-သမ္မတ ခရီးစဉ် နှင့်အတူ CNPC နှင့် Daewoo ကုမ္ပဏီတို့မှ တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တက်ရောက်ရန် စီစဉ်ထားခဲ့သော်လည်း ရာသီဥတု အခြေအနေအရပင် မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ဒု-သမ္မတ ခရီးစဉ်ကြောင့် ဇူလိုင် ၂၇ ရက်နေ့ညနေ ၅ နာရီမှ ၂၆ ရက်နေ့ မနက် ၉ နာရီခွဲအထိ ကျောက်ဖြူတမြို့လုံးတွင် တပ်၊ ရဲ စသည့်လုံခြုံရေးအင်အား အပြည့်ချထာကြောင်း ကျောက်ဖြူမြို့ခံ ကျူရှင်ဆရာ ဦးထွန်းလွင် က ဆိုသည်။

ဒု-သမ္မတ လာရောက်လျှင် ရွာပေါင်း ၂၃ ရွာမှ ဒေသခံများက ငြိမ်းချမ်းစွာ ဆန္ဒပြရန် စုဝေးခဲ့ပြီးမှ ခရီးစဉ် ဖျက်သိမ်း လိုက်ခြင်းကြောင့် ဆန္ဒပြပွဲကို ဆိုင်းငံ့လိုက်ရကြောင်း ဆန္ဒပြခေါင်းဆောင် တဦးဖြစ်သူ ကိုမောင်အေး က မဇ္ဈိမကိုပြောသည်။

“ကျနော်တို့ ဒေသခံတွေရင် ဆိုင်နေရတဲ့ ဒုက္ခတွေကို ဒု-သမ္မတ ကိုယ်တိုင် သိစေချင်တယ်။ ဒါကြောင့် မလာခင်ကပင် ရွာ ၂၀ ကျော်က ရွာသားတွေနဲ့ စီစဉ်ထားခဲ့တာပါ။ မနက် ၈ နာရီလောက်မှာ ဂုံးချွိန်ရွာအနီးမှာ လူ ၇၀ လောက် စုဝေးလာခဲ့ပြီးမှ ခရီးစဉ်ဖျက်တာ သိရလို့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရတယ်။ ခရီးစဉ် ဖျက်လိုက်ပေမယ့် ကျနော်တို့ရဲ့ မူလ အစီအစဉ် ပျက်သွားမှာ မဟုတ်ပါဘူး။ ပထမအဆင့်အနေနဲ့ တောင်းဆိုချက်တွေကို CNPC နဲ့ အာဏာပိုင်တွေဆီ မနက်ဖြန် (ဇူလိုင် ၂၉)မှာ ပေးပို့မယ်” ဟု ဆိုသည်။

ဒေသခံတို့က ပိုက်လိုင်းပိုက်လိုင်းတလျှောက် မြေယာပြဿနာ ဖြေရှင်းပေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ တပြည်နယ်လုံး လျှပ်စစ်မီးရရှိရေး စသည်တို့ ဖြစ်သည်။

၂၀၀၉ ခုနှစ်ကတည်းက ကျောက်ဖြူ- ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ကို ပူးတွဲ တာဝန်ယူ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံ CNPC ကုမ္ပဏီ၏ ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ခြင်းကို ယခုနှစ် မေလတွင် အပြီးသတ်ဆောင်ရွက်ခဲ့ပြီး ဇူလိုင် ၁၅ ၌ ဓာတ်ငွေ့ စတင် ပို့လွှတ်နေခဲ့သော်လည်း ဇူလိုင် ၂၈ ရက်နေ့ကျမှ ယခုကဲ့သို့ ပထမဆုံးရွှေဂက်စ် ဖွင့်ပွဲအခမ်းနားကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

No comments: