Wednesday, July 31, 2013

စစ်တွေတွင် ဒုက္ခသည် လုံခြုံရေးစခန်းများ ဆောက်လုပ်ရန် ကျပ်သိန်းငါးရာ အကုန်ကျခံမည်

ကေဇင်ဦး | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၃၁ ရက် ၂၀၁၃

စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများ၏ အနီးကပ်လုံခြုံရေးအတွက် စခန်းများ ဆောက်လုပ်ရန် ရခိုင်ပြည်နယ်အစိုးရက ငွေကျပ်သိန်းငါးရာ အကုန်အကျခံမည်ဟု ထိုအစိုးရအဖွဲ့၏ သတင်းပြန်ကြားရေး ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက ဇူလိုင် ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ဒါဟာ ဘင်္ဂါလီဒုက္ခသည်တွေကိုပဲ လုံခြုံရေးချပေးတဲ့သဘော မဟုတ်ပါဘူး။ ဘင်္ဂါလီ ဒုက္ခသည်တွေကို ဒီလို လုံခြုံရေးတွေနဲ့ ထားခြင်းအားဖြင့် ပြဿနာတွေ၊ တစ်ဖက်နဲ့တစ်ဖက် ပဋိပက္ခဖြစ်မယ့် ကိစ္စတွေကို ကာကွယ်ပြီးသားဖြစ်တာပေါ့”ဟု ရခိုင်ပြည်နယ် ဥပဒေချုပ်ဖြစ်သည့် ဦးလှသိန်းက ဆက်ပြောသည်။

ဘင်္ဂါလီ ဒုက္ခသည်စခန်းများတွင် ထိုကဲ့သို့ လုံခြုံရေးစခန်းများအပြင် အုပ်ချုပ်မှုလုပ်ငန်းများ အဆင်ပြေစေရန် စီမံခန့်ခွဲရေးရုံးများ၊ စခန်းလုံခြုံရေးရုံးများ တာဝန်ယူ တည်ဆောက်သွားမည်ဟုလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လုံခြုံရေးစခန်းများ တည်ဆောက်ရာတွင် စစ်တွေမှ ဒုက္ခသည်စခန်းများ၏ လုံခြုံရေးကို အဓိကထားပြီး ထိုနေရာများတွင် အခိုင်အမာ တည်ဆောက်ရန် လျာထားသည်ဟု ပြည်နယ်အစိုးရအဖွဲ့၏ ပြန်ကြားရေး အတွင်းရေးမှူး ဦးဝင်းမြိုင်က ဆိုသည်။


ရခိုင်ပြည်နယ်တွင် ဒုက္ခသည်တစ်သိန်းကျော်ရှိသည့်အနက် ဘင်္ဂါလီဒုက္ခသည်ဦးရေမှာ ရှစ်သောင်းကျော် ရှိသည်။

ထို့ပြင် ပဋိပက္ခများတွင် နေအိမ် မဆုံးရှုံးသော်လည်း အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးခဲ့သည့် ပြည်နယ် အစိုးရက တာဝန်ယူထားသည့် ဘင်္ဂါလီဒုက္ခသည်ဦးရေ ခုနစ်သောင်းရှိသည်ဟုလည်း ဦးလှသိန်းက ပြောသည်။

ယင်းဒုက္ခသည် အားလုံးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ အလှူငွေနှင့် ပြည်ထောင်စုအစိုးရက ချထားပေးသည့် ဘတ်ဂျက် စုစုပေါင်း ကျပ်သိန်းပေါင်း ငါးသောင်းရှိပြီး ယင်းငွေအများစုကို ဒုက္ခသည်စခန်းများ ဆောက်လုပ်ရာတွင် အသုံးပြုထားရသည်ဟု ဦးလှသိန်းက ဆိုသည်။

No comments: