Tuesday, July 30, 2013

လက်ပံတောင်းတောင် သပိတ်စခန်းများဖြိုခွင်းမှု အရေးမယူသဖြင့် တစ်ကိုယ်တော် ဆန္ဒပြ

ဖိုးစိုးသူ | အင်္ဂါနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၃

သံဃာတော်အပါး ၈၀ကျော် ထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း သပိတ်စခန်းများကို ရဲတပ်ဖွဲ့ဝင်တို့ ဖြိုခွင်းခဲ့သည့်မှာ ဇူလိုင်လ ၂၉ ရက်တွင် ရှစ်လ ပြည့်မြောက်ပြီဖြစ်သော်လည်း ထိခိုက်ဒဏ်ရာရရှိမှုများကို ကျူးလွန်ခဲ့သူ တစ်ဦးတစ်ယောက်ကိုမျှ အရေးယူခြင်း မရှိသည့်အတွက် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှု ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည်။

ဇူလိုင် ၂၉ ရက် တစ်ကိုယ်တော် ဆန္ဒပြမှုကို Generation Youth ၏ ခေါင်းဆောင် ကိုတင်ထွဋ်ပိုင်ကကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့တွင် ညနေ လေးနာရီမှ ငါးနာရီအထိ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

“ရက်ရက်စက်စက် ဖြိုခွင်းမှုအပေါ် ရှစ်လပြည့်သည်အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် တစ်ကိုယ်တော် ဆန္ဒပြရတာပါ”ဟု ကိုတင်ထွဋ်ပိုင်က ဆိုသည်။

လက်ပံတောင်းတောင် စီမံကိန်းအတွက် ဆန္ဒဖော်ထုတ်သည့် သပိတ်စခန်းများကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်နိုဝင်ဘာလ၂၉ ရက်က ရဲတပ်ဖွဲ့ဝင်တို့ အင်အားသုံး ရှင်းလင်းမှုအတွင်း သံဃာအပါး ၈၀ ကျော်နှင့် လူ၂၀ ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။

ယင်းနောက် ဒီဇင်ဘာလတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်စုကြည် ခေါင်းဆောင်ကာ လက်ပံတောင်းတောင်စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် သင်မသင့်၊ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့သည်။

ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုများတွင် သံဃာတော်များကို ထိခိုက်ဒဏ်ရာ ရရှိစေမှုသည် မီးခိုးဗုံးကြောင့်ဟု သုံးသပ်မှု ထွက်ပေါ်လာခဲ့သည်။ ထိုသုံးသပ်မှုကို ပြန်လည် စိစစ်သင့်သည်ဟုလည်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ ကိုတင်ထွဋ်ပိုင်က ပြောသည်။

“ဒီကိစ္စမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်က မီးခိုးဗုံးလို့ပဲ သုံးထားတယ်။ ဒီအပေါ်မှာ ကျွန်တော် အရမ်းရှုတ်ချပါတယ်။သေချာကို စစ်ဆေးသင့်ပါတယ်။ စုံစမ်းသင့်ပါတယ်”ဟု ပြောသည်။ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်မှုကို ခွင့်ပြုမိန့်လျှောက်ခြင်းမရှိဘဲ ဆန္ဒဖော်ထုတ်ခြင်း ကျောက်တံတားမြို့နယ်ရဲစခန်းတွင် သွားရောက်ဖြေရှင်းရန် ကျောက်တံတားမြို့နယ် ရဲမှူးက ဆင့်ခေါ်ထားသည်။

လက်ပံတောင်း ကြေးနီစီမံကိန်းလုပ်ငန်း စာချုပ်သစ်ကိုလည်း ဇူလိုင် ၂၄ ရက်က ပြင်ဆင်ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။ လက်ပံတောင်းတောင် စီမံကိန်းကြောင့် လက်ပံတောင်းဒေသတစ်ဝိုက် အပါအ၀င် ရန်ကုန်တွင်လည်း ဆန္ဒပြမှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။

No comments: