Tuesday, July 30, 2013

စီးပွားရေးသမားများက တကယ်မလုပ်ဘဲယူထားသည့် မြေများကို ပြန်လွှဲပေးရန် အထက်လွှတ်တော်ဆုံးဖြတ်

မင်းမင်း | အင်္ဂါနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၃

တနင်္သာရီတိုင်းတစ်ခုတည်း၌ပင် ဧကခုနစ်သိန်းနီးပါးရှိ

စ်အစိုးရလက်ထက်က စီးပွားရေးသမားများက စီမံကိန်းများကို အမှန်တကယ် အကောင်အထည်မဖော်ဘဲ ယူထားသည့် မြေများကို တကယ်လုပ်မည့်သူများထံ ပြန်လွှဲပေးရန် အထက်လွှတ်တော်က ဇူလိုင် ၂၉ ရက်တွင် အတည်ပြု ဆုံးဖြတ်လိုက်သည်။

ယင်းကိစ္စသည် မကွေးတိုင်းမှ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထက်လွှတ်တော်အမတ် ဦးလှဆွေက အဆိုတင်သဖြင့် အမတ် ၁၁ ဦး ဆွေးနွေးခဲ့ပြီး အတည်ပြုလိုက်ခြင်းဖြစ်သည်။

ထိုကဲ့သို့ အမတ် ၁၁ ဦးက ဆွေးနွေးအပြီး ထိုအဆိုကို အတည်ပြုရန် သင့်၊ မသင့် လွှတ်တော်အတွင်း ဆုံးဖြတ်ရာ ကန့်ကွက်သည့် အမတ် တစ်ဦးသာ ရှိခဲ့သဖြင့် အတည်ဖြစ်ခဲ့သည်။

အဆို အတည်မဖြစ်မီ လယ်၊ ဆည် ဒုဝန်ကြီး ဦးအုန်းသန်းက အမတ်များကို ရှင်းလင်းရာတွင် မြန်မာနိုင်ငံအတွင်းရှိပြည်နယ်နှင့် တိုင်း ၁၄ ခုအနက် တနင်္သာရီတိုင်းတစ်ခုတည်း၌ပင် စီးပွားရေးသမားများ တကယ် မလုပ်ဘဲ အစိုးရထံမှ ယူထားသည့် မြေဧက ခုနစ်သိန်းနီးပါး ရှိနေကြောင်း ပါရှိခဲ့သည်။

တနင်္သာရီတိုင်းမှ အဆိုပါ မြေများသည် စစ်အစိုးရလက်ထက်က ကုမ္ပဏီပေါင်း ၄၁ ခုကို ဆီအုန်းစိုက်ပျိုးရန် ခွင့်ပြုပေးထားခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

တနင်္သာရီတိုင်း တစ်ခုတည်းတွင်ပင် မလုပ်ဘဲယူထားသည့်မြေ ထိုမျှရှိနေသည့်အပေါ် ယခုကိစ္စကို အဆိုတင်ခဲ့သည့် အမတ်ဦးလှဆွေက “တစ်နိုင်ငံလုံးသာဆို ပြောလို့တောင်ဆုံးမှာမဟုတ်ဘူး။ တစ်ကယ်မလုပ်ဘဲနဲ့ဗျာ။ ဒါတွေကပြန်ပေးသင့်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

အဆိုကို ထောက်ခံဆွေးနွေးခဲ့သည့် မွန်ပြည်နယ်မှ အထက်လွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုးကလည်း “အခု ဆင်းရဲမှု လျှော့ချရေးတို့ ဘာတို့ လုပ်နေတဲ့အချိန်မှာ အဲဒီစီမံကိန်းမလုပ်ဖြစ်တဲ့ မြေတွေကို အမှန်တစ်ကယ်မြေမဲ့ယာမဲ့ဖြစ်နေတဲ့ ဒေသခံတွေကို၊ ဒါမှမဟုတ် တစ်ကယ်လုပ်မယ့် သူတွေကို ချပေးမှ တိုင်းပြည်အတွက် အကျိုးရှိမှာပါ”ဟု လွှတ်တော်တွင် ပြောသည်။

ယခုအဆို အတည်ဖြစ်သွားပြီ ဖြစ်သဖြင့် စီးပွားရေးသမားများက တကယ်မလုပ်ဘဲ ယူထားသည့် မြေများကို ပြန်လွှဲပေးရတော့မည် ဖြစ်သော်လည်း ထိုသို့ လွှဲပြောင်းချိန်တွင် မည်သည့်စံနှုန်းများဖြင့် မည်သူတို့ကို ပြန်လွှဲမည်ကိုမူ မသိရသေးပါ။

No comments: